DVB Logo
Home
Lead Story
စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းဖို့ လိုအပ်နေပြီလား
DVB
·
March 14, 2018
စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းဖို့ လိုအပ်နေပြီလား
Donate to DVB

စက်မှုဒီဇိုင်း မူပိုင်ခွင့်ဆိုတာ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ၄ မျိုးထဲက တမျိုးသာ ဖြစ်တယ်။ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်မှာ ကဏ္ဍ ၄ ခု ပါဝင်ပါတယ်။ (က) ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် (Trademark) (ခ) စာပေ အနုပညာ မူပိုင်ခွင့် (Copyright) (ဂ) တီထွင်မှုမူပိုင်ခွင့် (Patent Law) နဲ့ (ဃ) စက်မှု လက်မှုဒီဇိုင်း (Indrustial Design) တို့ပါပဲ။

အချို့သော ပညာရှင်တွေကတော့ စက်မှုပစ္စည်းဆိုတဲ့ ဝေါဟာရကိုတောင် လက်မခံလိုကြဘဲ “စက်မှုလက်မှု ဒီဇိုင်း” လို့ အမည်ပေးလိုကြတယ်။ အချို့ကတော့ “စက်မှု” ဆိုတဲ့ စကားလုံးကိုတောင် မထည့်လိုကြဘဲ “ဒီဇိုင်းပစ္စည်း မူပိုင်ခွင့်” လို့ သတ်မှတ်လိုကြပြန်တယ်။

အခုထိတော့ ပညာရှင်တွေ ပြောဆိုဆွေးနွေးနေကြဆဲ၊ ငြင်းခုံနေကြဆဲပါ။ ဒါပေမယ့် လက်ရှိ လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာတော့ “စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကြမ်း” လို့ပဲ ထုတ်ပြန်ထားပါတယ်။

“စက်မှုဒီဇိုင်း” ဆိုတာ ဆွဲဆောင်မှုရှိအောင် ပုံဖော်ထားတဲ့ ဒီဇိုင်းပါပဲ။ ကုန်အမှတ်တံဆိပ်ကတဆင့် ပေါက်ဖွားလာတာလို့တောင် ဆိုနိုင်တယ်လို့ ပညာရှင်တွေ မိန့်ဆိုခဲ့ကြပါတယ်။ ကမ္ဘာမှာတော့ အစောဆုံး မူပိုင်ခွင့် ကိစ္စရပ်တွေအတွက် ၁၈၈၆ ဘမ်းမြို့မှာ စတင်ကျင်းပခဲ့တာပါ။

ပထမဦးဆုံး မူပိုင်ခွင့် ထုတ်ပေးခဲ့တာက ၁၇၉၀ ဝါရှင်တန်မှာ စတင်ထုတ်ပေးခဲ့တာပါ။ ပထမဆုံး မူပိုင်ခွင့်ညီလာခံကိုတော့ ၁၈၈၆ ခုနှစ်ထဲရောက်မှ စတင်ကျင်းပဖြစ်ခဲ့တာပါ။  ၁၉၆၁ ခုနှစ် ရောမညီလာခံကနေ မူပိုင်ခွင့်တွေကို အသိအမှတ်ပြု သတ်မှတ်ခဲ့ကြတာ။ နောက်တော့ ကွန်ပျူတာ၊ တီဗွီ၊ အင်တာနက်၊ ဒီဂျစ်တယ်တွေ ပေါ်လာခြင်းနဲ့အတူ ၂၁ ရာစုရဲ့ တန်ဖိုးဟာ အသိဉာဏ်ပစ္စည်း ဖြစ်လာခဲ့ပါတော့တယ်။ ဒီလို ပြောင်းလဲလာတဲ့ ခေတ်ကာလတွေနဲ့အတူ မူပိုင်ခွင့် အရှုပ်အထွေးတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုတဲ့ အသိဉာဏ်အပေါ် အကာအကွယ်ပေးနိုင်ဖို့ ပြင်ဆင် စိုင်းပြင်းလာကြပါတော့တယ်။

မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေသမိုင်းကို ကြည့်ရင်…။ ၁၉၁၄ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ “မြန်မာနိုင်ငံ မူပိုင်ခွင့် အက်ဥပဒေ” (Burma Copyright Act 1914) ကို ပြဋ္ဌာန်းခဲ့တယ်။ ဒါကလည်း ဗြိတိသျှပါလီမန်က ၁၉၁၁ မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ဖြည့်စွက်ပြင်ဆင် ပြဋ္ဌာန်းခဲ့တာပါ။ ကုန်အမှတ်တံဆိပ်အနေနဲ့ကတော့ ၁၈၈၉ မှာကတည်းက ဗမာနိုင်ငံ ကုန်စည်အမှတ်အသားများ အက်ဥပဒေဆိုပြီး ပြဋ္ဌာန်းခဲ့ပါတယ်။ တီထွင်မှုဆိုင်ရာ မူပိုင်ခွင့် (Patent Law) ကိုတော့ ၁၉၄၅ ခုနှစ် ဗမာနိုင်ငံ တီထွင်မှု မူပိုင်ခွင့်နှင့် ဒီဇိုင်းအက်ဥပဒေ (Burma Patent and Designs Act 1945) ကို ထုတ်ပြန်ခဲ့တယ်။

ဒါပေမယ့် ဒီဥပဒေကိုတော့ နှစ်ပေါင်း ၅၀ ကျော်ကြာအထိ သမ္မတက လက်မှတ်မထိုးခဲ့တာကြောင့် မကျင့်သုံးဖြစ်ဘူးလို့ အချို့သော ပညာရှင်တွေက ပြောကြပါတယ်။ ၁၉၄၆ မှာတော့ Burma Patent and Design (emergency provisions) Act 1945 ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အခုနောက်ပိုင်း ၂၀၀၂ ကစပြီး အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ကို သင်တန်းပို့ချ လေ့လာမှုတွေကိုတော့ UMFCCI မှာ လုပ်ဆောင်ခဲ့တယ်။ အသိဉာဏ်မူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ အကြိမ်ပေါင်း ၃၅ ကြိမ်ခန့် ဆွေးနွေးခဲ့ပါတယ်။

၂၀၁၀ မှာ မူကြမ်းထွက်လာတယ်။ WIPO နဲ့ WTO တို့က မြန်မာပြည်အတွက် ၂၀၁၃ အထိ စောင့်ဆိုင်းခွင့် ပြုခဲ့ပါတယ်။ ၂၀၁၇ နှောင်းပိုင်းမှာတော့ မူပိုင်ခွင့် ၄ မျိုးကို တခုစီခွဲပြီး ဥပဒေကြမ်းအဖြစ် ပြုစုလုပ်ဆောင်လာခဲ့ပါတယ်။

မကြာမီကပဲ ပြည်သူလူထု လေ့လာနိုင်ဖို့အတွက် “စက်မှုဒီဇိုင်းနှင့် မူပိုင်ခွင့်ဥပဒေ (မူကြမ်း)” ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီမူကြမ်းမှာတော့ အခန်းပေါင်း ၂၃ ခန်းနဲ့ ပုဒ်မပေါင်း ၈၃ ခု ပါရှိပါတယ်။ ဒီဥပဒေကို ၂၀၀၅ခု နှစ်ကတည်းက ပြဋ္ဌာန်းရမှာ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

စက်မှုဒီဇိုင်းဥပဒေဟာ မြန်မာလူထုအတွက်တော့ အသစ်အဆန်း မဟုတ်ပေမယ့် ကာလအတန်ကြာသည်အထိ အသက်ဝင်မှု မရှိခဲ့ပါဘူး။ ပြည်သူသာမက လုပ်ငန်းရှင်တွေအတွက်လည်း မရင်းနှီးခဲ့တဲ့ ဥပဒေတခုပါ။ ဒါကြောင့် DVB Law Lab (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ) အစီအစဉ်မှာ “စက်မှုဒီဇိုင်းနှင့် မူပိုင်ခွင့်ဥပဒေကြမ်းအပေါ် ရှုမြင်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်နိုင်ဖို့အတွက် တရားလွှတ်တော်ရှေ့နေနှင့် ဥပဒေရေးရာ အတိုင်ပင်ခံ ဦးသန်းမောင်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းတို့ကို ဖိတ်ကြားဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးသန်းမောင်က “စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုတာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကနေ ပေါက်ဖွားလာတာ။ သုံးစွဲသူကို ဆွဲဆောင်နိုင်မှုရှိအောင် ပုံစံထုတ် လုပ်ဆောင်ကြတာ။ ဆိုကြပါစို့။ လူတိုင်း ဖုန်းကိုင်ပြောနေကြပေမယ့် လှတာချင်း မတူကြဘူး။ ဒါဟာ စက်မှုဒီဇိုင်းအရ ကွာခြားတာကို ပြနေတာပဲ။ ဒီဇီုင်းဆိုတာ သစ်လေ တန်ဖိုးတက်လေ။ ကုန်အမှတ်တံဆိပ် ဆိုတာကတော့ ဟောင်းလေ တန်ဖိုးတက်လေပဲ။ အထူးပြောချင်တာကတော့ ဖွင့်ဆိုချက်သာမက ခေါင်းစဉ်ကိုလည်း “စက်မှုလက်မှုဒီဇိုင်း” လို့ ပြင်ရင် ပိုသင့်လျော်မယ်” လို့ ဆွေးနွေးသွားပါတယ်။

ဦးမောင်မောင်ဝင်းကတော့ “အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ၄ မျိုးစလုံးမှာ ဥပဒေပါ အကာကွယ်ပေးမှုမှာတော့ တပြေးညီ ဖြစ်သင့်တယ်။ ဆိုပါစို့။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နဲ့ စာပေအနုပညာ မူပိုင်ခွင့်တို့မှာ အကောက်ခွန်ရုံးရဲ့ အကာကွယ်ပေးထားပေမယ့် တီထွင်မှုနဲ့ စက်မှုလက်မှုဒီဇိုင်း မူပိုင်ခွင့်မှာတော့ အကောက်ခွန်ရုံးရဲ့ အကာအကွယ်ကို မရခဲ့ဘူး။ ပေးမယ်ဆိုရင် ၄ ခုစလုံးကို ပေးသင့်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးသူ နှစ်ဦးစလုံးကတော့ ပြစ်ဒဏ်ပေးတာနဲ့ ပတ်သက်ပြီး သင့်တင့်မျှတရုံသာ ဖြစ်သင့်တယ်လို့ ယူဆကြသလို နောက်ဆက်တွဲ ပြစ်ဒဏ်အဖြစ် ကုန်ပစ္စည်း ထုတ်လုပ်ခွင့် ပိတ်သိမ်းတာ။ ဆက်မလုပ်ဖို့ ပိတ်ပင်တာမျိုး ပြစ်ဒဏ်လိုက်ဖို့ လိုမယ်လို့ ဆွေးနွေးသွားခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဥပဒေဟာ မြန်မာစက်မှုလက်မှု လုပ်ငန်းရှင်တို့အတွက် အတွေ့အကြုံ နည်းပါးခဲ့တာ အမှန်ပါ။ ဒီဇိုင်းရဲ့ အကျိုးတရားနဲ့ အပြစ်တွေကိုလည်း ထိထိရောက်ရောက် နားမလည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတို့အတွက်ကတော့ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေဟာ မလွဲမသွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ဥရောပနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူတွေက သူတို့ရင်းနှီးလိုတဲ့ နိုင်ငံတွေရဲ့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေကို ဦးစွာလေ့လာလေ့ရှိပါတယ်။ ဒီဥပဒေဟာ ပြည်တွင်း ပြည်ပ ရင်းနှီးလိုသူတွေအတွက် တိုက်ရိုက်ကျတဲ့ အနေအထားမှာ ရှိတာကြောင့် အမြန်ပြဋ္ဌာန်းဖို့ လိုအပ်နေပါတယ်။       ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013