
နာမည်ကြီးအဆိုတော် Idiots အဖွဲ့ သီဆိုထားတဲ့ ရွှေကြာရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေး ရုပ်သံကို မတ် ၁၃ ရက်နေ့က ထုတ်လွှင့်လိုက်ပါတယ်။
ဒီကားကို လာမယ့် မတ် ၁၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ကာ မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။
ပြည့်တန်ဆာ မိန်းကလေးတွေရဲ့ ဘဝတွေကို ပုံဖော်ဖန်တီးရေးဖွဲ့ထားတဲ့ ပုညခင်ရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားမှာ ဖွေးဖွေးက အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားခဲ့ပြီး အလင်းရောင်နဲ့ သဉ္ဇာဝင့်ကျော်တို့လည်း ပါဝင်ထားကြတာပါ။
စာရေးဆရာမ ပုညခင်ကတော့ ဇာတ်ကား အထူးပွဲပြသတဲ့ မတ်လ ၁၀ ရက်နေ့မှာ ခုလို မှတ်ချက်ပြု ရေးသားခဲ့တာကို တွေ့ရပါတယ်။
“ကျမ စာလုံးလေးတွေနဲ့ သီကုံးဖန်တီးရေးဖွဲ့ထားတဲ့ ရွှေကြာကို အပြင်မှာ တွေ့လိုက်ရသလိုပါပဲ။ ဖွေးဖွေးဟာ တကယ်ကွက်တိ သရုပ်ဆောင်ထားနိုင်လို့ သူ့အနုပညာ မှော်ကို လက်ဖျားခါရတယ်။ ဒါရိုက်တာကလည်း ဝတ္ထုရဲ့ ဆိုလိုရင်း မပျက်အောင် လှလှပပ ဖန်တီးရိုက်ကူးသွားတယ်။ သဉ္ဇာကလည်း သူ့အခန်းနည်းတဲ့တိုင် သူ သရုပ်ဆောင်ရမယ့် အခန်းတွေမှာ သရုပ်ဆောင် ပီပြင်လွန်းလို့ စံထားညိုကို အပြင်မှာ တွေ့ရသလိုပါပဲ။ အလင်းရောင်လည်း သူ သရုပ်ဆောင်ရမယ့်နေရာမှာ ပီပီပြင်ပြင် သရုပ်ဆောင်ထားတယ်။ အသစ်တွေထဲမှာ အားထားရလောက်တဲ့ သရုပ်ဆောင်တယောက် ဖြစ်လာမယ်လို့ မျှော်လင့်တယ်။”
ခုထုတ်လွှင့်လိုက်တဲ့ သီချင်းထဲမှာတော့ “ရွှေကြာ… ဒီလောကကြီးက မမျှတမှန်း သိလည်းပဲ… ရွှေကြာ… မျှော်လင့်ချက် အလင်းရောင် ဖျော့ဖျော့လေး ကျန်သေးတယ်” စတဲ့ သီချင်းစာသားတွေနဲ့အတူ Idiots အဖွဲ့ရဲ့ ပုံရိပ်တွေကိုရော ဇာတ်ဝင်ခန်းထဲက သရုပ်ဆောင်တွေရဲ့ ပုံရိပ်တွေကိုပါ ရှုစားကြရမှာပါ။
လက်ရှိမှာတော့ ဒီဇာတ်ဝင်တေးရုပ်သံ ဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။










