DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အား တပ်တွင်းဝင်ခွင့်ပိတ်ခဲ့မှု တပ်မတော် ပြန်လည်ရှင်းလင်း
DVB
·
March 13, 2018
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အား တပ်တွင်းဝင်ခွင့်ပိတ်ခဲ့မှု တပ်မတော် ပြန်လည်ရှင်းလင်း
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုသက်မောင်မောင်ကို ဖခင်ဖြစ်သူ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် အဝန်းအဝိုင်းထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တာဟာ တပ်မတော်က ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရှုရန်

၁။ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၂၅၆) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စစ်သည်တစ်ဦး၏ မှီခို မိသားစုဝင်တစ်ဦးဖြစ်သူ မောင်သက်မောင်မောင်သည် ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အတွင်းရေးမှူးတာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် တပ်အတွင်းသို့ ၀င်/ထွက်သွားလာခွင့် ပိတ်ပင်ခဲ့ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များ၊ သတင်းများအား ကျောင်းသားသမဂ္ဂအဖွဲ့များ၊ သတင်း မီဒီယာအချို့နှင့် လူမှုကွန်ရက် စာမျက်နှာအချို့၌ ဖော်ပြရေးသား၍ တပ်မတော်အပေါ် အထင်အမြင်လွဲမှား စေရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

၂။ ၎င်းကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် အမှတ်(၂၅၆)ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူ အရာရှိတစ်ဦးသည် ၎င်းတပ်ရင်းအတွင်း တက္ကသိုလ်တက်ရောက်လျက်ရှိသည့် မှီခိုသူသား၊ သမီးနှင့် အုပ်ထိန်းသူများအား တက္ကသိုလ်တွင် အေးချမ်းစွာ ပညာသင်ကြားရေးအတွက် ပညာပေးဆွေးနွေးခဲ့ပြီး ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား သိရှိ လိုက်နာရန်ရှင်းပြခဲ့သည်။ ထိုသို့ ခေါ်ယူတွေ့ဆုံခဲ့သည့် တာဝန်ရှိ အရာရှိမှာ သဘောထားထုတ်ပြန်ချက်နှင့် သတင်းများ၌ ဖော်ပြထားသော ယာယီ တပ်ရင်းမှူးမဟုတ်ဘဲ တပ်ရင်းဌာနချုပ်တပ်ခွဲမှူး တစ်ဦးသာ ဖြစ်သည်။ ၎င်းတာဝန်ရှိသူက တွေ့ဆုံအပြီး၌ ပညာပေးဆွေးနွေးမှုများ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား သိရှိလိုက်နာမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးစေရာ အခြားသော ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများမှ လိုက်နာဆောင်ရွက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း တွင် မောင်သက်မောင်မောင်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့သည် တာဝန်ရှိအရာရှိထံ လာရောက်ပြီး ၎င်းသိရှိ ကြောင်းလက်မှတ်ရေးထိုးစေခြင်းနှင့်ပတ်သက်၍ မချေမငံ ပြန်လည်မေးမြန်းခဲ့ပြီး တပ်ရင်းဌာနချုပ်မှ ချမှတ်ထား သော အမိန့်များကို မလိုက်နာနိုင်ကြောင်းနှင့် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအတွင်း ဆက်လက်လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို မလိုက်နာပါက တပ်ရင်းဌာနချုပ်တွင် ဆက်လက်နေထိုင်ခွင့်ပြု၍ မရတော့ကြောင်း ၎င်း၏မိခင်ရှေ့မှောက်၌ပင် တားမြစ်ခဲ့သည်။ မောင်သက်မောင်မောင်အပေါ် ယင်းကဲ့သို့ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် မောင်သက်မောင်မောင် ၏ဖခင်ထံ အကြောင်းကြားခဲ့ရာ မိမိသည် တပ်မတော်အတွင်း၌ အမိန့်နာခံ၍ စည်းကမ်းလိုက်နာသည့် စစ်သည် တစ်ဦးဖြစ်ပြီး သားဖြစ်သူ၏ လုပ်ဆောင်ချက်များအပေါ် အကြိမ်ကြိမ်ပြောဆိုဆုံးမ တားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် မောင်သက်မောင်မောင်အား တပ်ဌာနချုပ် တည်မြဲအမိန့်အရ တပ်တွင်းတွင် နေထိုင်ခြင်း မပြုရန် တားမြစ်ခြင်းကို သဘောတူကြောင်း အကြောင်းပြန်ကြားခဲ့သည်။

၃။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၇ အရ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သဖြင့် အဖွဲ့အစည်းအတွင်း၌ စည်းကမ်းတကျရှိရန် ကျစ်လျစ်ခိုင်မာသောစည်းလုံးမှု၊ ညီညွတ်မှုရှိရန် မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် သက်ဆိုင်ရာတပ်အလိုက် “တပ်တည်မြဲအမိန့်” (Unit Standing Order) များထုတ်ပြန်ပြီး အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး၊ တပ်တွင်းနေမှီခိုသူ မိသားစုဝင်အားလုံး နေ၊ ထိုင်၊ သွားလာမှု စည်းကမ်းစနစ်တကျ ရှိရေး၊ တပ်တွင်းစည်းလုံးညီညွတ်မှုရှိရေး ဆောင်ရွက်ရပါသည်။ တပ်တည်မြဲအမိန့်တွင် စစ်သည်အဆင့် အတန်းအားလုံးအား နိုင်ငံရေးပါတီများနှင့်ဆက်သွယ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မလိုလားသောသဘောဖြင့် ဆန့်ကျင်မှုပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ၀ိုင်းဖွဲ့ဆွေးနွေးခြင်း၊ ဆူပူမှုအတွက်အားပေးအားမြှောက်ပြုခြင်းတို့ကို တားမြစ်ထား ပါသည်။ ထို့အပြင် အရာရှိ၊ အရာခံ၊ အကြပ်နှင့် တပ်သားတို့အား လိုက်နာရန်သတ်မှတ်ထားသော စည်းကမ်း ဟူသမျှသည် သက်ဆိုင်ရာ အိမ်ထောင်သည်၊ မှီခိုသူများနှင့်လည်း အကျူံးဝင်ကြောင်း သိရှိထားရမည်ဟု စည်းကမ်းသတ်မှတ် ထားပါသည်။

၎။ ၎င်းစည်းကမ်းချက်များမှာ တပ်မတော်တစ်ရပ်လုံးအတွက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းတို့ကို သိရှိလိုက်နာနိုင်မှသာ တပ်တွင်းလိုက်ပါ နေထိုင်ခွင့် ရရှိမည်ကို တပ်မတော်သားအားလုံးနှင့် မှီခိုသူများအားလုံး သိရှိကြပြီးဖြစ်သည်။ စစ်စည်းကမ်းသည် တပ်မတော်၏အသက်ခန္ဓာဖြစ်သောကြောင့် မောင်သက်မောင်မောင် နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆောင်ရွက်ချက်သည် တပ်မတော်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013