
တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းကို စာမေးပွဲဖြေနေချိန်အတွင်းမှာ အွန်လိုင်းပေါ်တင်လာတဲ့ အကောင့်ပိုင်ရှင်ကို အရေးယူပေးဖို့ ပဲခူးတိုင်း ပညာရေးမှူးရုံးက အမှုဖွင့်လိုက်ပါတယ်။
ပညာရေးဌာနကို သိက္ခာကျအောင်၊ အသရေဖျက် နှောင့်ယှက်ခြင်းပြုမူတဲ့အတွက် Sayar Bone account ပိုင်ရှင်အား ၆၆(ဃ) နဲ့ ပဲခူးတိုင်းပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေသက်နွယ်က တရားလိုလုပ်ပြီး အမှတ် ၂ နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။
အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ဓာတုဗေဒဘာသာ မေးခွန်းတွေကို မနက် ၁၀ နာရီကျော်အချိန်မှာ ဖေ့စ်ဘွတ်ခ်မှုကွန်ရက်မှာ တင်ထားတာပါ။ မေးခွန်းတွေကို စာမေးပွဲကျင်းပပြီးစီးတဲ့ မွန်းတည့် ၁၂ နာရီအထိ ပြင်ပကို ယူဆောင်တာ၊ ပြသတာ ပြုလုပ်ခွင့်မရှိဘဲ လူမှုကွန်ရက်ပေါ် တင်ခဲ့တာကြောင့် အမှုဖွင့်တိုင်ကြားလိုက်တာလည်း ဖြစ်ပါတယ်။
ပဲခူးတိုင်း ပညားရေးမှူးရုံးက ဒုတိယဦးစီးမှူး ဦးသီဟထွန်းက “Sayar Bone ဆိုတဲ့အကောင့်က မေးခွန်းတွေကို တင်နေတာ။ အဲဒါကို ကျနော့်ရဲ့ ဖေ့စ်ဘွတ်ခ်သူငယ်ချင်း Phyo Wai Aung က စကရင်ရှော့ပြီး တင်ထားတာကို တွေ့တယ်။ ဒါနဲ့ Sayar Bone အကောင့်ကို ရှာကြည့်တော့ အင်္ဂလိပ်စာကနေ စပြီး ဓာတုဗေဒဘာသာအထိ မေးခွန်းတွေ တင်ထားတာတွေ့တယ်။ တင်တဲ့အချိန်က မနက် ၁၀ နာရီခွဲကျော်ကျော်အချိန်တွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီအကောင့်ပိုင်ရှင်ဟာ ဘယ်ကမှန်း၊ ဘယ်သူမှန်း မသိသေးပေမယ့် ပဲခူးမြို့၊ ရွှေဘုံသာ ပရဟိတပညာဒါနကျောင်းရဲ့ ဖေ့စ်ဘွတ်ခ်ပ့ဂ်ျကို Share လုပ်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
စာမေးပွဲဖြေဆိုချိန် ၃ နာရီ မပြည့်ခင် စာဖြေခန်းအပြင်ကို ထွက်မယ်ဆိုရင် မေးခွန်းကို ယူဆောင်ခွင့် မရှိတာကြောင့် အခုလို ဖြစ်ရပ်က စဉ်းစားစရာ ဖြစ်တယ်လို့လည်း ဦးသီဟထွန်းက ပြောပါတယ်။










