DVB Logo
Home
မြန်မာသတင်း
ထီးချိုင့် ဘော်ဒါဆောင်တခုတွင် လက်လုပ်မိုင်းပေါက်ကွဲ၊ ၆ လုံး သိမ်းဆည်းရမိ
DVB
·
March 13, 2018
ထီးချိုင့် ဘော်ဒါဆောင်တခုတွင် လက်လုပ်မိုင်းပေါက်ကွဲ၊ ၆ လုံး သိမ်းဆည်းရမိ
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာ၊ ဖူးပွင့်ဝေဆာ ၉ တန်း၊ ၁၀ တန်း ဘော်ဒါဆောင်တွင် မတ်လ ၁၂ ရက်နေ့က လက်လုပ်မိုင်းလို့ ယူဆရတဲ့ အရာတွေ တွေ့ရှိပြီး ပေါက်ကွဲမှုတခု ဖြစ်ပေါ်ခဲ့ပါတယ်။

ဘော်ဒါဆောင်မှာ ပိုင်ရှင်ဖြစ်သူ ဒေါ်မင်းမင်းအေး၊ ညီမဖြစ်သူ ဆရာမ ဒေါ်ဖြူဖြူခိုင်၊ ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၁၄ ဦး စုစုပေါင်း ၂၆ ဦးတို့နေထိုင်ကြတာဖြစ်ပါတယ်။

မနက်ပိုင်းမှာ စာသင်ဆောင်အတွင်းက သောက်ရေးအိုးအတွင်း၊ အဆောင်ထရံ၊ နေအိမ်တံခါးမကြီးတို့မှာ မိုင်းလို့ယူဆရတဲ့ အရာတွေကို ဒေါ်မင်းမင်းအေးက တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

သတင်းအရ ထီးချိုင့်မြို့နယ်ရဲမှူး ရဲမှူးလှမြင့် ဦးဆောင်တဲ့အဖွဲ့က ဧရာဝတီတံတား ထီးချိုင့်မှာ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ ခလရ ၄၀၂ မှ ဗိုလ်ကြီး ဝင်းမျိုးသန့်၊ စအရ ၉၀၉ မှ တပ်သား အောင်သန်းစိုးတို့နဲ့အတူ သွားရောက်ကြည့်ရှုစစ်ဆေးကာ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စာသင်ဆောင် သောက်ရေအိုးအတွင်း အချင်း ၃ လက်မ၊ အရှည် ၄ လက်မခန့်ရှိ ဝါယာကြိုး စနက်တံတွေပါတဲ့ သံပိုက်တိုတစ်ခု၊ စာသင်ဆောင်ဘေး နံရံမှာ စနက်တံ ဝါယာကြိုးပါ ရေသန့်ဘူးခွံတစ်ခု၊ ဘော်ဒါဆောင်ဝင်ပေါက် တံခါးမကြီးအပြင်ဘက်မှာ စနက်တံ ဝါယာကြိုးပါ ကျွဲရိုင်းအချိုရည်ဘူးခွံတခုတို့ကို တွေ့ရှိရှင်းလင်းနေစဉ် နေ့လယ် ၁ နာရီလေယင်မှာ ရေတွင်းအနီး ဝါးလုံးတန်းက ကျောင်းသားမိဘ ဒေါ်ချစ်ဆိုသူက ထမီဆွဲယူချိန်မှာ ထမီနဲ့ လက်လုပ်မိုင်းတွဲ ထားတဲ့အတွက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ထိတ်လန့်မှုတွေဖြစ်ခဲ့ပြီး ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မိုင်းရှင်းလင်းအဖွဲ့က နေအိမ်ဝင်းအတွင် ဆက်လက်ရှာဖွေရာ ထမီတန်းအနီးက ကျောက်ပုံ၊ သေးပေါက်ခြံနှင့် ဘော်ဒါဆောင်ရှေ့ရပ်ထားတဲ့ ဒေါ်မင်းမင်းအေး ပိုင်ဆိုင်ကယ်တို့မှာ ဝါယာကြိုး၊ စနက်တံပါတဲ့ လက်လုပ်မိုင်းတွေကိုလည်း ဆက်လက်သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးမေးမြန်းရာ ဒေါ်မင်းမင်းအေး ရွှေဘိုမြို့မှာ နေစဉ်က သိကျွမ်းရင်းနှီးခဲ့တဲ့ ရွှေဘိုမြို့နေ မျိုးကိုကို (၄၀ နှစ်)က ဒေါ်မင်းမင်းအေးထံ အခင်းဖြစ်ပွားရာနေ့ မနက် ၂ နာရီကျော်လောက်မှာ ဖုန်းကနေတဆင့် "သတိပေးဖို့ကြိုးစားတယ်။ မရဘူး။ ၄၁ နှစ် ပြည့်အတွက် ကောင်းကောင်းဂုဏ်ပြုပေးလိုက်တယ်။ တခါဝုန်းတိုင်း ၁ နှစ်လျော့။ နှစ်ခါဝုန်းရင် ၂ နှစ်လျော့။ ကျန်တဲ့ သက်တမ်းများ မိသားစုနှင့် တဝုန်းဝုန်းပျော်ပျော်ကြီး သေကြပေါ့နော်။ မဆက်သွယ်တော့ နင့်လိုဟာ" စတဲ့ စာ ၂ စောင်ကိုလည်း ပို့ခဲ့သေးတယ်လို့ သိရပါတယ်။

ဘော်ဒါဆောင်မှာလည်း မျိုးကိုကိုရဲ့ လက်မှတ်ထိုးတာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူသေစေရန် ရည်ရွယ်ချက်နဲ့ မိုင်းေ်ထာင်ခဲ့တယ်လို့ ယူဆရတဲ့ မျိုးကိုကို ထီးချိုင့် မြို့မရဲစခန်းမှာ (ပ)၈၅/၂၀၁၈၊ ၁၉၀၈ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ-၃ အရ အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့သတင်းတွေ အရ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

အခုလိုဖြစ်စဉ်က ထီးချိုင့်မြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်တာလို့လည်း သိရပါတယ်။

ထီးချိုင့်မြို့နယ် တိုင်းေ်ဒသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်က "ကိုယ့်မြို့နယ်မှာ အခုလိုဖြစ်တာတော့ မကောင်းတာပေါ့ဗျာ။ နောက်ကို မဖြစ်စေချင်တာပေါ့။ ဒါမျိုးတွေမဖြစ်အောင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲအဖွဲ့တွေ သတိဝီရိယထားဖို့ပေါ့။ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက်ကတော့ ခြိမ်းခြောက်တဲ့ လက္ခဏာလို့ သုံးသပ်လို့ရတာပေါ့။ မကောင်းတဲ့ လက္ခဏာတွေဖြစ်ပါတယ်"လို့ ဒီဖြစ်စဉ်အပေါ် သုံးသပ်ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013