DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘရူနိုင်း သံရုံးမြေနေရာချင်း လဲလှယ်ရန် သဘောတူ
DVB
·
March 13, 2018
မြန်မာ-ဘရူနိုင်း သံရုံးမြေနေရာချင်း လဲလှယ်ရန် သဘောတူ
Donate to DVB

 

နေပြည်တော်မှာ တည်ဆောက်မယ့် သံတမန်ဇုန်မြေနေရာက မြေကွက်နဲ့ ဘရူနိုင်းမှာ မြန်မာသံရုံး တည်ဆောက်ဖို့အတွက် ငွေပေးမ၀ယ်ဘဲ မြေနေရာချင်း လဲလှယ်ထားတယ်လို့ နေပြည်တော် စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူက ပြောပါတယ်။

“သံတမန်ဇုန်မှာ ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းတွေအပါဝင်ပေါ့လေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေရောပေါ့။ နိုင်ငံပေါင်း ၁၇ နိုင်ငံလောက်ရှိသွားပြီပေါ့လေ။ အဲထဲမှာတော့ သုံးနိုင်ငံက လက်ဝယ်ယူထားပြီပေါ့။ မလေးရှားရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ ဘရူနိုင်းရယ်ပေါ့။ ဘရူနိုင်းကတော့ ငွေပေးဝယ်တာမဟုတ်ဘဲနဲ့ နိုင်ငံမှာရှိတဲ့ သံရုံးမြေနေရာချင်းလဲလှယ်တဲ့ အနေအထားမျိုးဖြစ်ပါတယ်” လို့ ဦးမင်းသူက ပြောပါတယ်။

အဲဒီမြေကွက်တွေကို ၁ ဧက ဒေါ်လာ ၅ သိန်းနှုန်း သတ်မှတ်ထားခဲ့ပြီး မတတ်နိုင်တဲ့ နိုင်ငံငယ်တွေလည်း ရှိခဲ့တာကြောင့် ပြောင်းလဲပြင်ဆင် ဖြေလျော့မှုတွေ ဆောင်ရွက်ပေးနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဌာနဆိုင်ရာတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဦးမင်းသူက ပြောပါတယ်။

“အရင်သတ်မှတ်ချက်တွေ ရှိတာပေါ့လေ။ နှစ်အားဖြင့်တော့ နှစ် ၅၀ မြေပေးမိန့်နဲ့ ၁ ဧကကို ဒေါ်လာ ၅ သိန်းနှုန်းကို သတ်မှတ်တာပေါ့။ တစ်ကွက်ကို ၅ ဒသမ ၇၄ ဧကဆိုရင် ဒေါ်လာ ၃ သန်းနီးနီးလောက်ရှိတာပေါ့။ အများဆုံး နှစ်ကွက်ပဲယူရမယ်ဆိုတာ ရှိတာပေါ့လေ။ အနည်းဆုံးကတော့ တစ်ကွက်ယူချင်လဲရတယ်။ အဲဒီထဲမှာ တချို့ကျတော့လဲ ၅ ဒသမ ၇၄ ဧကကို မယူနိုင်ပဲနဲ့ တစ်ဝက်လောက်ပေါ့လေ ထပ်စိတ်ပေးနိုင်ဖို့ တောင်းဆိုတဲ့ နိုင်ငံငယ်လေး တွေလည်း ရှိတာပေါ့လေ။ နိုင်ငံကြီးတွေ ဥပမာ အမေရိကန်လို နိုင်ငံကြီးတွေကလည်း ၂ ကွက်ထက်ပိုပြီးတော့ ယူချင်တယ်။ အဲဒါမျိုးတွေကို ဆွေးနွေးညှိနှိုင်းပြီး ဘယ်လို ဖြေလျော့ပေးနိုင်မလဲ ဆိုတာတွေကို ဆောင်ရွက်နေတယ်” လို့ ဦးမင်းသူက ပြောပါတယ်။

သံတမန်ဇုန်ဧရိယာဟာ သစ်တောကြိုးဝိုင်းဧရိယာကို ပယ်ဖျက်ပြီး ဧက ၁၅၅၀ ဧက ပေါ်မှာ သတ်မှတ် တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့တာပါ။

အကွက်တကွက်ကို ၅ ဒသမ ၇၄ ဧက ကျယ်ဝန်းပြီး တဘလောက်ကို ၉ ကွက် ဖော်ဆောင်ထားကာ ရေ၊ မီး၊ မိလ္လာ၊ ရေနုတ်မြောင်းတွေအတွက် စနစ်တကျ ဖော်ဆောင်ထားပြီးသားဖြစ်တယ်လို့ ဦးမင်းသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013