
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ဆင်သတ်မုဆိုး ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ် ၉ ရက်နေ့ ညနေပိုင်းက သစ်တောလုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ငရုတ်ကောင်းနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းတွေနဲ့ ဆင်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်းတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ငပုတောမြို့နယ်၊ မြစ်တစ်ရာ သစ်တောကြိုးဝိုင်းမှာ မင်းမင်း၊ စဘွားဘွာ၊ ကျော်ဝင်းတို့ကို မသင်္ကာဖွယ်တွေ့ရလို့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးရာမှာ ကျော်ဝင်းက ထွက်ပြေးသွားပြီး မင်းမင်းနဲ့ နောက်တယောက်ဆီက အရှည် ၁ ပေခွဲလောက်ရှိတဲ့ ပြောင်းရစ်ပါ သံပိုက်လုံး ၁ ချောင်း၊ အရှည် ၄ လက်မလောက်ရှိတဲ့ သံမြားချွန် ၅ ချောင်း၊ ဓားဦးချွန် ၁ ချောင်းနဲ့ ဆင်သတ်ရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မင်းမင်းနဲ့ အပေါင်းအပါတွေကို မတ်လ ၁၀ ရက်နေ့မှာ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(င)/၁၉(စ) နဲ့ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။











