ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းက ဟိုတယ်ခန်းအတွင်း သေဆုံးသွားတဲ့ နော်ဝေနိုင်ငံသားခံယူထားသူ မောင်ကျော်ကျော်လတ်ဟာ နှလုံးရောဂါ ဖောက်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ်ရဲစခန်းက သိရပါတယ်။
ကျောက်တံတားမြို့နယ်က တာဝန်ကျရဲအရာရှိတစ်ဦးက “သေဆုံးတာကတော့ ဓမ္မတာ အတိုင်း သေဆုံးသွားတာပါ။ သူ့မှာအစကထဲက နှလုံးရောဂါရှိတော့ နှလုံးရောဂါနဲ့ပဲ သေဆုံး သွားတာပါ”လို့ ပြောပါတယ်။
မနေ့က မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တံတားမြို့နယ် ၁ ရပ်ကွက်ရှိ မေရှမ်းဟိုတယ် ၃ လွှာမှာ အခန်း ၃၀၅ မှာ နော်ဝေနိုင်ငံသားခံယူထားသူ ကိုမောင်ကျော်ကျော်လတ် ၄၁ နှစ်က ကုတင်ဘေးကြမ်းပြင်မှာ ပါးစပ်ကသွေးအနည်းငယ်ထွက်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာဖြစ်ပါတယ်။
နေ့လယ် ၁ နာရီခွဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ကျောက်တံတားမြို့မ ရဲစခန်းက သေမှုသေချင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။











