
ရန်ကုန်မှာရှိတဲ့ ချမ်းသာကြွယ်ဝကြသူတွေအားလုံး မာစီးဒီးကားစီးနိုင်ဖို့ မျှော်မှန်းတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
မတ် ၁၀ ရက်ညက လုပ်ခဲ့တဲ့ မားစီးဒီးကား အရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာဖြစ်ပြီး ကားဟောင်းတွေ စီးနေရတဲ့အစား ကားသစ်တွေ ပြောင်းလဲစီးနိုင်ကြဖို့ အခွင့်အလမ်းရအောင် တိုင်းအစိုးရက လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
“မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံး ရန်ကုန်မှာရှိတဲ့ ချမ်းသာကြွယ်ဝကြသူတွေ အားလုံး ပြည်သူလူထုတွေကြားမှာ မာစီးဒီးကားကို စီးနိုင်ဖို့ ကျနော်တို့ မျှော်မှန်းပါတယ်။ ကျနော်တို့နိုင်ငံမှာ ကားသစ်တွေ အသုံးပြုနိုင်တဲ့ အခွင့်အလမ်းတကယ့်ကို ရစေချင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ အခြားနိုင်ငံတွေက အသုံးပြုပြီးသား ကားတွေကို သုံးစွဲနေရတဲ့ဘဝကနေ ကားသစ်တွေကို ပြောင်းပြီးအသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေရအောင် ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကားသစ်တွေ တင်သွင်းနိုင်ဖို့ထက် မြန်မာနိုင်ငံမှာ ကားသစ်တွေ ထုတ်လုပ်နိုင်အောင် ပိုပြီးကြိုးစားရမှာလည်း ဖြစ်ပါတယ်။”
ဒါ့အပြင် ၀န်ကြီးချုပ်က အခုလို မြန်မာနိုင်ငံမှာ ရောင်းချပေးနိုင်မယ့် အရောင်းပြခန်းကြီး တခုဖွင့်လှစ်နိုင်ပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ချမ်းသာကြွယ်ဝသူများအနေနဲ့ မာစီဒီးကားကို အလွယ်တကူ ဝယ်ယူနိုင်မယ့်အခွင့်အရေးတွေ ရတော့မယ်လို့လည်း ပြောပါတယ်။
Mercedes Benz Car Show Room ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းမှာ မတ်လ ၁၀ ရက်ကစပြီး ဖွင့်ထားပါတယ်။











