
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြို့ပြလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး ညပိုင်းမှာ လုံခြုံရေးတိုးမြှင့်လုပ်ဆောင်နေပါတယ်။
မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော် ဦးဆောင်ပြီး မုံရွာမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မုံရွာမြို့ လုံခြုံရေး၊ မှုခင်းကျဆင်းရေး၊ ဒုစရိုက်မှု လေျာ့နည်းပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အခုလဆန်းပိုင်းက စတင်ကာ ညပိုင်းတွေမှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာပါ။
မြို့မရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က “မုံရွာမြို့မှာ ပြည်သူတွေ စိုးရိမ်နေကြတဲ့ လုယက်မှု၊ ခိုးဆိုးနှိုက်မှု၊ ဖောက်ထွင်းမှုတွေ လျော့နည်းပပျောက်အောင် တပ်ဖွဲ့ဝင်အင်အားတိုးပြီး အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှုနဲ့ ညပိုင်းတွေမှာ လုပ်ဆောင်နေပါတယ်။ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ အဖွဲ့တွေခွဲပြီး ဆပ်ပလိုင်းချက် စစ်ဆေးရေးအဖြစ် ဆိုင်ကယ်၊ ကားတွေကို တားပြီး စစ်ဆေးနေပါတယ်။ ဆိုင်ကယ်တွေဆိုရင်လည်း နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့၊ ၃ ယောက်ပူး မစီးဖို့တွေကိုလည်း တခါတည်း ပညာပေးတာတွေလည်း ရှိပါတယ်။ အရင်ရက်တွေက တရားမဝင် သစ်ဥသစ်ဖုတွေ၊ တုတ်၊ ဓား၊ လက်နက်တွေလည်း ဖမ်းဆီးရမိခဲ့ပါတယ်။"လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုလို မြို့ပြလုံခြုံရေးကို လုပ်ဆောင်တဲ့နေရာမှာ ဖြစ်တုန်းခဏ ပုံစံမျိုး မဖြစ်အောင် ဒီထက်မက ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
မြို့ပြလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးတာတွေကို မုံရွာမြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ ကမ်းနားလမ်းတို့မှာ လှည့်လည်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေး၊ မြို့ပြလုံခြုံရေးကို လုပ်ဆောင်နေတဲ့အပေါ်ပူးပေါင်းပါဝင်လာရေးကလည်းအရေးကြီးတယ်လို့ဆိုပါတယ်။
မြို့ခံလူထုကိတော့ အခုလို ရဲတပ်ဖွဲ့က တာဝန်သိသိ၊ တာဝန်ရှိရှိ လုပ်ဆောင်လာတဲ့အပေါ်မှာလည်း ကြိုဆိုနေကြပါတယ်။











