
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကနေ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့အခမ်းအနားကို မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အောင်မြေသာယာဘုရားဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။
အမျိုးသမီးတွေအနေနဲ့မိမိတို့ရဲ့ အောင်မြင်မှုတွေအတွက် မိမိကိုယ်ကို ဂုဏ်ပြုချီးမြှင့် တတ်စေဖို့၊ လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှု တွေကို ကာကွယ်တတ်လာစေဖို့နဲ့ အမျိုးသမီးအလုပ်သမားတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ကျင်းပခဲ့တာပါ။
အဲဒီအခမ်းအနားမှာ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတွေက လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အပါအ၀င် အမျိုးသမီးကိစ္စတွေကို ဆောင်ရွက်ပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ ရှိလာရင်ကာကွယ်နိုင်ဖို့အတွက် အသိပညာပေးမှုတွေ ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ကျင်းပလာတာဟာ (၄) ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး အခုနှစ် ကျင်းပတဲ့ အခမ်းအနားကိုတော့ စက်ရုံပေါင်း ၄၀ ကျော်မှ အမျိုးသမီး အလုပ်သမားဦးရေ ၁၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။











