မန်စီးတီးကွင်းလယ်လူ ရိုဒရီက သူဟာ အက်သလက်တီကိုကစားသမားဟောင်း ဖြစ်ခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်လို ကမ္ဘာ့အကောင်းဆုံးကလပ်တွေကို ငြင်းပယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်လူ ရိုဒရီဟာ လာမဲ့နွေရာသီမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
၂၀၂၄ ဘောလွန်းဒီအောဆုရှင် ရိုဒရီဟာ မန်စီးတီးနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးဖို့ လိုအပ်နေသေးပေမဲ့ တနေ့နေ့မှာတော့ စပိန်ကို ပြန်သွားချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
အက်သလက်တီကိုနဲ့ ရီးရဲလ်တို့ဟာ မြို့ခံပြိုင်ဘက်တွေ ဖြစ်ကြပေမဲ့ ကော်ကိုရစ်စ်၊ မိုရာတာတို့လို ကစားသမားတွေလည်း ကလပ် ၂ ခုစလုံးမှာ ကစားခဲ့ဖူးတာကြောင့် ဒါဟာ ပြဿနာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
ရိုဒရီဟာ မန်စီးတီးမှာ ဖလား ၁၂ လုံးအထိ ဆွတ်ခူးထားနိုင်ခဲ့ပြီး အခုလက်ရှိမှာတော့ လာမဲ့ ကမ္ဘာ့ဖလားအတွက် စပိန်လက်ရွေးစင်အသင်းနဲ့အတူ ပြင်ဆင်နေပါတယ်။








