
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက လူငယ်တွေနဲ့ နယ်ပယ်စုံ၊ ကဏ္ဍစုံက တတ်သိပညာရှင်တွေ တွေ့ဆုံပြီး ဆွေးနွေးနိုင်ဖို့ကို ရည်ရွယ်ပြီး Barcamp Monywa 2018 ကို မုံရွာမြို့ မြို့တော်ခန်းမမှာ မတ်လ ၁၀ ရက်၊ ၁၁ ရက် ၂ ရက်တာ ကျင်းပနေပါတယ်။
၂ ရက်တာဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ၈၈ ငြိမ်းပွင့်မှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စာရေးဆရာ ဦးဘုန်း(ဓာတု)၊ ဒီဇိုင်း မျိုးဆွေသန်း၊ အဆိုတော် မိုးမိုး၊ သရုပ်ဆောင် ဦးကြည်စိုး (IC) နှင့် အခြားလူငယ် နည်းပညာရှင်၊ လုပ်ငန်းရှင်တွေက ဦးဆောင်ကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ကဏ္ဍတွေကို လူငယ်တွေနဲ့ အပြန်အလှန်ဆွေးနွေးကြမှာဖြစ်ပါတယ်။
Barcamp Monywa က မုံရွာမြို့မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကလည်း ကျင်းပခဲ့ပါသေးတယ်။
“ဒီလိုဘားကမ့်မျိုးမှာပါဝင်သင့်တာတွေက အတွေးအခေါ်အကြောင်းရယ်၊ ဥပဒေပညာရယ်၊ သမိုင်းတွေရယ် အဲဒါတွေကတော့ အမြဲတမ်းပါရမယ်လို့ နားလည်တယ်။ အဲဒါကို ဦးစားပေးပြီးတော့ ကျွန်တော်ပြောမှာပါ” လို့ ၈၈ ငြိမ်းပွင့်မှ ကိုမင်းကိုနိုင်က ဒီဗွီဘီကိုပြောပါတယ်။
ဒီဘားကမ့်ကို စစ်ကိုင်းတိုင်းအတွင်းက လူငယ်တွေ ၂၀၀ နီးပါးတက်ရောက်ခဲ့ကြပါတယ်။










