DVB Logo
Home
မြန်မာသတင်း
လယ်ယာကဏ္ဍတိုးတက်ရန် အစိုးရက နည်းပညာပိုင်း ကူညီရန် လိုအပ်
DVB
·
March 11, 2018
လယ်ယာကဏ္ဍတိုးတက်ရန် အစိုးရက နည်းပညာပိုင်း ကူညီရန် လိုအပ်
Donate to DVB

 

လယ်ယာကဏ္ဍတိုးတက်ဖို့အတွက် အစိုးရအနေနဲ့နည်းပညာပိုင်းကူညီဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌကပြောပါတယ်။

လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရအနေနဲ့ အဆင့်မြင့် လယ်ယာတွေကို ပိုပြီးဖော်ဆောင်ဖို့လိုသလို့ နည်းပညာတွေ ဖြန့်ဖြူးပေးဖို့လိုတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောပါတယ်။

လယ်သမားတွေအနေနဲ့ ထွက်ရှိလာတဲ့ စပါးအပေါ်မှာ ထိန်းသိမ်းနိုင်တဲ့ နည်းပညာ နည်းတာကြောင့် ရတဲ့ဈေးနဲ့ ရောင်းချနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်မှုလယ်ယာကဏ္ဍကနေ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းဖို့လိုပြီး စနစ်တကျ စိုက်ပျိုးဖို့၊ ရိတ်သိမ်းခြွေလှေ့စက်တွေ၊ အခြောက်ခံစက်တွေ များစွာလိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းက ပြောပါတယ်။

အဆင့်မြင့်လယ်ယာကဏ္ဍကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စမ်းသပ်ဖော်ဆောင် နေပေမယ့် ကုန်ကျမှုစရိတ်ဟာ လယ်တစ်ဧကကို ငွေကျပ် ၁၇ သိန်းလောက်အထိ ကုန်ကျမှု ရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

အဲဒီစီမံကိန်းကို ကွမ်းခြံကုန်းမြို့နယ်မှာ အစိုးရဘတ်ဂျက်နဲ့ လယ်ဧက ၁၀၀ စမ်းသပ် စိုက်ပျိုးတာလို့ ဆိုပါတယ်။

အဆင့်မြင့်လယ်ဖော်ဆောင်တဲ့အခါ ကုန်ထုတ်လမ်းတွေလုပ်တဲ့အတွက် လယ် (၁၀)ကကို (၀ဒသမ၇၀)ဧကလောက် လျှော့တဲ့အတွက် တချို့တောင်သူတွေက မလုပ်ချင်တာလည်း ရှိတယ်လို့ ပြောပါတယ်။

လယ်ယာလုပ်ကိုင်နေသူတွေအနေနဲ့ စိုက်ပျိုးတဲ့ကဏ္ဍမှာ တောင်သူတွေကိုယ်တိုင် မျိုးစေ့ ထုတ်လုပ်နိုင်အောင် ပညာပေးဖို့လိုပြီး၊ အခုနှစ်အတွက် ဓာတ်ဆားဝယ်ယူရမှုဟာ အရင်ထက်ပိုပြီး ဈေးမြင့်တာကြောင့် နွေစပါးစိုက်တဲ့အခါ တောင်သူတွေအနေ စိုက်ပျိုးစာရိတ်မြင့်လာတယ်လို့ ဆိုပါတယ်။

ပြည်တွင်းဓာတ်မြေသြဇာစက်ရုံတချို့ ပိတ်သိမ်းလိုက်တဲ့အပေါ်မှာ ပြည်ပကနေ ၀ယ်ယူရ တာကြောင့် သွင်းအားစုစာရိတ်ပိုလာသလို လယ်လုပ်သမားရှားပါးတာကြောင့် စက်နဲ့ ထွန်ယက် စိုက်ပျိုး ရတဲ့အပေါ် တောင်သူတွေ ကုန်ကျမှု အရင်ထက်ပိုများလာတယ်လို့ ပြည်ဟင်္သာကုမ္ပဏီက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကုန်သည်တွေအနေနဲ့ သတ်မှတ်စံချိန်နဲ့ပြည့်မီတဲ့ စပါးတင်းတစ်ရာကို အနိမ့်ဆုံးပေါက်ဈေး ငွေကျပ် ၅ သိန်းပေးဝယ်ဖို့ မတ်လ ၆ ရက်နေ့မှာ အစိုးရက ညွှန်ကြားထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ဆန်တန်ချိန် ၃ ဒသမ ၂ သန်းကျော်တင်ပို့နိုင်တာကြောင့် နှစ် ၇၀ အတွင်း စံချိန်တင်ပို့နိုင်ခဲ့ပြီး ၂၀၂၀ အတွင်းမှာ ဆန်တန်ချိန် ၄ သန်းအထိ တင်ပို့ နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013