
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ အစိုးရ အောင်ဘာလေထီကို မပေါက်မရှိ ကံစမ်းမဲ မက်လုံးပေးပြီး ထီတစ်စောင်ကို ၁၅၀၀ ကျပ်နဲ့ ရောင်းချနေတဲ့ ထီကားတစ်စီးကို တမူးမြို့က အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းဖမ်းဆီးခဲ့ပါတယ်။
အဲဒီ ထီရောင်းတဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့လအတွင်းကလည်း တမူးမြို့နယ်အတွင်းရှိ ကွန်းတောင်းရွာ၊ အူးစူးရွာ၊ လှည်းဆိပ်ရွာ၊ မင်းသာရွာနဲ့ ဆရာစံရွာတို့မှာလည်း စုစုပေါင်း သိန်း ၁၀၀ ဖိုးလောက် လိမ်လည်ရောင်းချခံလိုက်ရတယ်လို့ ကျမတို့အဖွဲ့ထံ တိုင်တန်းအကူအညီ တောင်းထားတယ်လို့ စစ်ကိုင်းတိုင်း အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခုလည်း တမူးမြို့ ပါဝါတည်းခိုခန်းမှာ တည်းပြီး တမူးမြို့ပေါ်မှာ ၁၅၀၀ ကျပ်နဲ့ ထပ်မံရောင်းချနေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းဖမ်းဆီးပြီး ထီ လက်မှတ်တွေပြန်သိမ်းကာ ငွေတွေကို ပြန်ပေးစေခဲ့တယ်လို့ သိရပါတယ်။
ထီရောင်းတဲ့အဖွဲ့ကို စစ်ကိုင်းတိုင်း အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းနဲ့ တမူး လူငယ် ကွန်ရက်အဖွဲ့တို့က အစိုးရထီကို အဲဒီဈေးနှုန်းနဲ့ မည်သည့် အရပ်မှာမှ မရောင်းဖို့ ဆွေးနွေးပြောကြားပြီး ကလေးမြို့ကို ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
တမူးမြို့မ ရဲစခန်းကတော့ လာရောက်တိုင်ကြားသူ မရှိခဲ့တာကြောင့် ကြိုတင်မသိရှိလို့ အရေးမယူနိုင်ခဲ့ဘူးလို့ ပြောပါတယ်။











