DVB Logo
Home
မြန်မာသတင်း
မုံရွာအကျဉ်းထောင်က အကျဉ်းသူများကို ပန်းအလှပြင်သင်တန်းပေး
DVB
·
March 10, 2018
မုံရွာအကျဉ်းထောင်က အကျဉ်းသူများကို ပန်းအလှပြင်သင်တန်းပေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူတွေကို အခြေခံ ပန်းအလှပြင် သင်ကြားပေးနေပါတယ်။

အကျဉ်းထောင်ကနေ ပြစ်ဒဏ်ပြီးဆုံးလို့ လွတ်မြောက်သွားတဲ့အခါ အကျဉ်းထောင်ကနေ သင်ကြားပေးလိုက်တဲ့ သက်မွေးပညာတွေနဲ့ လူ့လောကမှာ ရပ်တည်နိုင်အောင်ရည်ရွယ်ပြီး အခုလို သင်တန်းတွေကို ပို့ချပေးနေတာဖြစ်ပါတယ်။

"အကျဉ်းသူတွေကို ပန်းအလှပြင်သင်တန်းပေးတာကတော့ ပြစ်ဒဏ်ကျခံပြီးတော့ လွတ်မြောက်သွားတဲ့အခါမှာ အသက်မွေးဝမ်းကြောင်းပညာ တတ်မြောက်ဖို့ဆိုတာအပါအဝင် မိန်းကလေးဆိုတာ ပန်းနဲ့ လိုက်ဖက်တယ်။ ပန်းမြင်ရင် မိန်းကလေးတွေကချစ်တယ်။ ပန်းမြင်ရင် ပျော်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဒီပန်းလေးတွေနဲ့ ပျော်ပြီးတော့ လတ်တလော ယောက်ျားကိစ္စ၊ သားသမီးကိစ္စ၊ ကျန်ခဲ့တဲ့သူတွေ၊ အိမ်ကိစ္စတွေကို လတ်တလော သောကတွေပျောက်ပြီး ငြိမ်းချမ်းပြီးတော့ ပျော်နေစေချင်တယ်။ သင်တန်းမှာလည်း တကယ်ပျော်ပျော်ရွှင်ရွှင်တွေ့ရပါတယ်။ သူတို့တွေ ပန်းအလှပြင်ရင်းနဲ့ ပန်းလေးတွေကို လှအောင်ပြင်သလို ငါတို့စိတ်ကလေးတွေလည်း လှအောင်ပြင်မယ်ဆိုတဲ့ စိတ်ဓာတ်တွေလည်း အသက်ဝင်သွားစေချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလိုသင်တန်းလုပ်ပေးတာပါ"လို့ မုံရွာအကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းက ပြောပါတယ်။

ဒီပန်းအလှပြင်သင်တန်းကို မုံရွာအကျဉ်းထောင်က အကျဉ်းသူ ၁၅ ယောက် တက်ရောက်သင်ကြားနေကြတာပါ။

အရင်ကလည်း အကျဉ်းထောင်အတွင်းမှာ သက်မွေးပညာတွေဖြစ်တဲ့ အပ်ချုပ်၊ ဆံပင်မိတ်ကပ်အလှပြင်၊ ဟင်းချက်၊ တက်တင်းသင်တန်း စတဲ့သင်တန်းတွေကိုလည်း အခါအားလျော်စွာ ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အခု အခြေခံပန်းအလှပြင်သင်တန်းကိုတော့ မတ်လ ၅ ရက်နေ့ကနေ မတ်လ ၉ ရက်နေ့ထိ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

"ပန်းအလှပြင်နည်းကတော့ လယ်ဗယ် ၃ မျိုးရှိတယ်။ အဲဒီထဲက လယ်ဗယ် ဝမ်းကို သင်ပေးတာပါ။ အကျဉ်းဦးစီးဌာနရဲ့ ဖိတ်ကြားချက်အရပေါ့။ သင်တန်းသူတွေကလည်း စိတ်ပါဝင်စားနဲ့ သင်ကြပါတယ်။ သူတို့ပျော်ရွှင်နေတာလည်းမြင်ရတဲ့အတွက် ဝမ်းသားမိပါတယ်။"လို့ ပန်းအလှပြင်သင်တန်းဆရာမ ဒေါ်မြင့်မြတ်စိုးလွင်က ပြောပါတယ်။

မုံရွာအကျဉ်းထောင်မှာ အကျဉ်းသားစုစုပေါင်း ၉၀၀ ကျော်ရှိပြီး အကျဉ်းသူ ၆၀ ဝန်းကျင်လောက်ရှိကာ အဲဒီထဲကမှ အကျဉ်းသူ ၁၅ ဦးကို သာ သင်တန်းပေးဖို့ရည်ရွယ်ခဲ့ပေမယ့် စိတ်ဝင်စားသူတွေလည်းရှိတာကြောင့် ၂၅ ဦးထိ တိုးချဲ့လက်ခံသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013