DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ခွေးလေခွေးလွင့်နှင့်အိမ်မွေးခွေးများကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေး
DVB
·
March 10, 2018
မုံရွာမြို့တွင် ခွေးလေခွေးလွင့်နှင့်အိမ်မွေးခွေးများကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေး
Donate to DVB

မုံရွာမြို့မှာ ခွေးလေခွေးလွင့်တွေနဲ့ အိမ်မွေးခွေးတွေကို မတ်လ ၉ ရက်နေ့က ခွေးရူးပြန်ကာကွယ်ဆေးကို အခမဲ့ လိုက်လံထိုးပေးနေပါတယ်။

ခွေးရူးပြန်ကာကွယ်ဆေးကို မုံရွာမြို့က အလှူရှင်တွေက လှူဒါန်းတာဖြစ်ပြီး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာန ရောဂါရှာဖွေရေးဓာတ်ခွဲခန်းက ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေက လုပ်အားဒါနအဖြစ် အခုလို ထိုးပေးတာပါ။

"မုံရွာမြို့က ပြည်သူတွေကို ခွေးရူးအန္တရာယ်က လွတ်ကင်းအောင် ဆောင်ရွက်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ကာကွယ်ဆေးလိုက်လံထိုးပေးတာပဲဖြစ်ပါတယ်။  အလှူရှင်ကတော့ အမြဲမရှိဘူးပေါ့။ အခုဆို TW ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းမိသားစုနဲ့ ကျနော် ငွေကြေးအကုန်ကျခံပြီး ကာကွယ်ဆေးကို လှူဒါန်းတာပါ။ နောက်ထပ်ဆက်ထိုးဖို့လည်း အစီစဉ်ရှိပါတယ်" လို့ Hei Sei Japanese language မှ ဂျပန်ဘာသာသင်ကြားသူ ဦးခင်မောင်ဆန်းက ပြောပါတယ်။

ကာကွယ်ဆေးကို လမ်းဘေး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတွေနဲ့ အိမ်မှာ မွေးမြူထားတဲ့ ခွေးတွေအပါဝင် အကောင်ရေ ၁၀၀ ကျော် ထိုးပေးခဲ့တာလည်း ဖြစ်ပါတယ်။

ခွေးရူးပြန်ကာကွယ်ဆေးဟာ ခွေးတစ်ကောင်ကို တစ်နှစ် တစ်ကြိမ်ထိုးပေးရတာဖြစ်ပြီး ဆေးတစ်လုံးကို ခွေးတစ်ကောင်နှုန်းထိုးလို့ရတဲ့ ဆေးရှိသလို တစ်လုံးကို ၁၀ ကောင်ထိုးလို့ရတဲ့ ဆေးမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ခွေးရူးပြန်ဗိုင်းရပ်ပိုးဟာ ခွေးရဲ့သားရည်အတွင်းမှာ အများဆုံးရှိပြီး ခွေးအချင်းချင်းကိုဖြစ်စေ၊ တခြားတိရစ္ဆာန်ကိုဖြစ်စေ၊ လူကိုဖြစ်စေ ဒဏ်ရာနဲ့ ရောဂါပိုးရှိတဲ့ သားရည်ထိတွေ့မှုကတဆင့် ကူးဆက်တတ်တာမျိုးလည်း ဖြစ်ပါတယ်။

"ခွေးရူးရောဂါပိုးဟာ အကိုက်မခံရပေမယ့် မိမိမှာဒဏ်ရာရှိရင် အဲဒီသားရည် ထိတွေ့ရုံနဲ့ လူကိုကူးဆက်နိုင်ပါတယ်။ ကိုက်ခံရတာပဲဖြစ်ဖြစ်၊ ထိတွေ့မိတာပဲဖြစ်ဖြစ် ရောဂါပိုးဝင်ရောက်ပြီးတော့ လက္ခဏာပြလာရင် ကုသဆေးမရှိပါဘူး။ အရမ်းအန္တရာယ်များပါတယ်။ ဖြစ်လာရင် ၉၉ ရာခိုင်နှုန်းက အသက်ဆုံးရှုံးဖို့ များပါတယ်။ ဒါ့ကြောင့် အိမ်မွေးတိရိစ္ဆာန်အားလုံးကို အစကတည်းက ကာကွယ်ဆေးထိုးပေးသင့်ပါတယ်" လို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဌာနမှ ဓာတ်ခွဲခန်းတာဝန်ခံအရာရှိ ဒေါက်တာဒေါ်ချစ်ချစ်ဝင်းက ပြောပါတယ်။

မုံရွာမြို့မှာ ဇန်နဝါရီ ၂ ရက်နေ့က လူ၂၀ ကျော် ခွေးရူးအကိုက်ခံရတာကြောင့် ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013