DVB Logo
Home
မြန်မာသတင်း
လွှတ်တော်တွင်း ၀န်ကြီး၏ ဖြေကြားမှု မြေပြင်အခြေနေနှင့် ကွဲလွဲနေဟု ထောက်ပြ
DVB
·
March 10, 2018
လွှတ်တော်တွင်း ၀န်ကြီး၏ ဖြေကြားမှု မြေပြင်အခြေနေနှင့် ကွဲလွဲနေဟု ထောက်ပြ
Donate to DVB

လွှတ်တော်မှာ လာရောက်ဖြေဆိုတဲ့ ဝန်ကြီးရဲ့ အဖြေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တယောက်က ထောက်ပြဝေဖန်ပါတယ်။

လုပ်ငန်းမပြီးပြတ်သေးတဲ့အပြင် စံချိန်မမီတဲ့ ကျေးရွာရေရရှိရေးလုပ်ငန်းတခု ရာနှုန်းပြည့် ပြီးပြီလို့ ဝန်ကြီးက ဖြေဆိုရာမှာ လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောဆိုတာပါ။

မတ်လ ၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နမ္မတူမြို့နယ်၊ နမ့်မျှော်ကျေးရွာ အုပ်စု၊ မန်မိုင်လွိုင်ငင်းရွာမှာ ၂၀၁၄-၁၅ ခုနှစ်ကတည်ဆောင်ခဲ့တဲ့ ရေတားတမံ၊ ရေပိုက်လိုင်းနဲ့ ရေကန်တည်ဆောက်တာ မပြီးသေးလို့ ဘယ်လိုလုပ်ထားလဲလို့ ကိုယ်စားလှယ် နန်းခမ်းအေးက မေးမြန်းခဲ့ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှကျော်က ဒီစီမံကိန်းကို ငွေကျပ် ၁၃၃ သိန်းကျော်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဖြေပါတယ်။ ပြီးတော့ “၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာပဲ ရေတားတမံနဲ့ ပိုက်လိုင်း ပေ ၇၉၀၀ သွယ်တန်းတာကတော့ ရာနှုန်းပြည့် ပြီးစီးခဲ့ပါတယ်။ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်အတွက်ကတော့ အုတ်၊ သဲနဲ့ ဘိလပ်မြေတွေကို လုပ်ငန်းရှိရာနေရာကို ပို့ထားခဲ့ပြီး လုံခြုံရေးအခြေအနေကြောင့် ဆက်မလုပ်နိုင်သေးကြောင်း၊ ပြီးအောင်လုပ်ပေးမယ့်အကြောင်း လုပ်ငန်းတည်ဆောက်တဲ့ တာဝန်ခံအင်ဂျင်နီယာက ရွာအုပ်ချုပ်ရေးမှူးနဲ့ ကတိကဝတ်ပြုခဲ့ပါတယ်။ အခုအခါမှာတော့ လုပ်ငန်းအားလုံး ပြီးမြောက်ပြီး ဖြစ်ပါတယ်” လို့ ဖြေကြားပါတယ်။

သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းမပြီးတာနဲ့ ကွင်းဆင်းကြီးကြပ်တာမှာ အားနည်းတာကြောင့် ဌာနတွင်း စစ်ဆေးပြီး လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာကို ရာထူးက ထုတ်ပယ်တာ၊ နမ္မတူမြို့နယ် ဦးစီးမှူးကို ရာထူးတဆင့်လျှော့၊ အရည်အသွေးစစ်ဆေးတဲ့ အဖွဲ့ကို ရာထူးတိုးတာ ရပ်ဆိုင်းတာ၊ ခရိုင်ဦးစီးမှူးကို နှစ်တိုးလစာရပ်ဆိုင်းပြီး ပြည်နယ်ရုံးခွဲဦးစီးမှူးကိုတော့ စာနဲ့ သတိပေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

အဲဒီလို ဝန်ကြီးက ဖြေပြီး နောက်မှာ ကိုယ်စားလှယ် နန်းခမ်းအေးက ဆက်စပ်မေးခွန်း ထပ်မေးပါတယ်။

“ဝန်ကြီးရဲ့အဖြေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုမရှိဘူးဆိုရင် ကျမ ဒီဆက်စပ်မေးခွန်းကို မေးစရာ အကြောင်းမရှိပါဘူး။ အဲဒီကွဲလွဲမှုကို သက်သေပြနိုင်ရန်အတွက် ကျမကို ပါဝါပွိုင့် (ဓာတ်ပုံ အသုံးပြုတင်ပြခြင်း) အသုံးပြုခွင့်ပြုပါရှင်။ ၂၅ ပေရှိတယ်ဆိုတဲ့ ရေတားတမံပါ။ ဘယ်လိုနည်းနဲ့မှ ၂၅ ပေမရှိဘူးဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် ခုနက ဝန်ကြီးဖြေသွားတဲ့ ၇၉၀၀ ပေဆိုတာလည်း တကယ်တမ်းမရှိပါဘူး။ ပေ ၁၀၀၀ ကျော်ပဲ ရှိပါတယ်” လို့ ထောက်ပြပြောဆိုပါတယ်။

ပြီးတော့ အခုလို တည်ဆောက်မှုလုပ်ငန်း အသေးစားလေးကိုတောင်မှ ထပ်ကာထပ်ကာ ထိန်းကျောင်းနေရတယ် ဆိုတာဟာ သက်ဆိုင်ရာ ဌာနရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး အားနည်းချက် ရှိတယ်ဆိုတာကို ဖော်ညွှန်းနေတယ်လို့လည်း ဆိုပါတယ်။

ဒီအပေါ်မှာ ရုံးချုပ်က အထူးအဖွဲ့ဖွဲ့ပြီး ပြန်စစ်ပေးမယ်လို့ပဲ ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013