ကျပ်သိန်း ၃ သောင်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးများ ကွတ်ခိုင်တွင် ဖမ်းမိ

ကွတ်ခိုင်မြို့နယ်မှာ ကျပ်သိန်း ၃ သောင်းဖိုးလောက်ရှိတဲ့ စိတ်ကြွဆေးပြား ၁၈ သိန်းကျော် ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ် ၈ ရက်နေ့ ညနေပိုင်းက ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာ၊ ကွတ်ခိုင်-ကောင်းခါးသွားကားလမ်းမှာ မူဆယ် မူးယစ်တပ်ဖွဲ့စု ၂၂ တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
မျိုးဇော်ထွန်း(ခ)မင်းသူ မောင်းနှင်ပြီး နေလင်းအောင်(ခ)ရန်အားချန် လိုက်ပါလာတဲ့ ကားကို ရှာဖွေရာမှာ နောက်ခန်းမှာ ဆာလာအိတ် ၁၁ အိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၂၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။
ဆေးပြား တပြားကို ကျပ် ၁၅၀၀ နဲ့တွက်ရင် ကျပ်သိန်းပေါင်း ၂၇၃၆၀ ရှိပါတယ်။
သယ်ဆောင်လာတဲ့ မျိုးဇော်ထွန်း(ခ)မင်းသူ (၃၀)နှစ် နဲ့ နေလင်းအောင်(ခ) ရန်အားချန် (၂၉)နှစ်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။











