
စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး ကိုယ်ကျိုးစွန့်ဆောင်းရွက်ခဲ့ကြတဲ့ အမျိုးသမီး စွမ်းဆောင်ရှင် ၃ ဦးကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နဲ့ Women Can Do It.(WCDI) အဖွဲ့တို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဘန်ကွက်ခန်းမမှာ မနေ့က ပေးအပ်ခဲ့တာပါ။
အခုလို ဂုဏ်ပြုဆုတွေကို ပေးအပ်ရတာက ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့်ပြီး ကူညီပေးတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တွေ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ဆုချီးမြှင့်တာလို့ သိရပါတယ်။
အများအတွက် အသက်ကို မဓာနမထားဘဲ ကိုယ်ကျိုးစွန့်ကူညီခဲ့တဲ့ ဟုမ္မလင်းမြို့နယ်က ဖလော်ရင့်နိုက်တင်ဂေးဆုရ သူနာပြုဆရာမကြီး ဒေါ်သိန်းရီ၊ ဝန်းသိုမြို့က သားဖွားဆရာမ ဒေါ်လှလှမြင့်နှင့် နာဂအဆိုတော်၊ သရုပ်ဆောင်၊ နာဂဒေသကျန်းမာရေး သံတမန် မာရီကိုးလ် တို့ကို စိစစ်ရွေးချယ်ပြီး ဂုဏ်ပြုဆုတွေကို ပေးအပ်ခဲ့တာပါ။
ဒီအခမ်းအနားကို စာရေးဆရာမ ဂျုး၊ အဆိုတော် စောဖိုးခွားတို့က အမျိုးသမီးတွေနဲ့ပတ်သက်ပြီး သူတို့ခံယူချက်တွေကို ရှင်းပြခဲ့ပြီး အဆိုတော်စောဖိုးခွားက ရက်ဂေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေကလည်း တေးသီချင်းတွေ၊ ပြဇာတ်တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
နောင်နှစ်တွေမှာလည်း အခုလိုပဲ အမျိုးသမီးစွမ်းဆောင်ရှင်တွေကို ရွေးထုတ်ပြီး ဂုဏ်ပြုပေးသွားဦးမယ်လို့ သိရပါတယ်။
ဒီနေ့ကျင်းပတဲ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့မှ ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။











