မန္တလေးလမ်းလျှောက်သင်္ကြန်တွင် ရေစိုခံကာတွန်းပုံ ၃၀၀ ခင်းကျင်းပြသမည်

၂၀၁၈မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် မန္တလေးလမ်းလျှောက်သင်္ကြန်မှာ ရေစိုခံကာတွန်း ပုံ ၃၀၀ ခင်းကျင်းပြသသွားမှာဖြစ်တာကြောင့် ပြပွဲမှာပါဝင်ရေးဆွဲချင်တဲ့ ကာတွန်းပညာရှင်တွေကို မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက စတင်ဖိတ်ခေါ်နေပါတယ်။
ရေစိုခံကာတွန်းပြပွဲကို မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းနဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းပြီး အောင်မြင်သူ ကုမ္ပဏီရဲ့ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းကျင်းပမှာပါ။
ပြပွဲမှာ ၁ ပေခွဲ၊ ၂ ပေ အရွယ် Multi Board တွေနဲ့ ပြသမှာဖြစ်ပြီး မန္တလေးလမ်းလျှောက်သင်္ကြန် ကျင်းပမယ့် ၂၆ လမ်း၊ ၆၆ လမ်းကနေ ၆၉ လမ်းအတွင်း လမ်းလယ်ကျွန်းပေါ်မှာ ဧပြီ ၁၃ ရက်ကနေ ၁၇ ရက်အထိ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။
ပြပွဲမှာ ကာတွန်းဆရာတဦးကို သုံးပုံအထိ ပြသခွင့်ရမှာ ဖြစ်ပါတယ်။ ပြပွဲအတွက် ရေးဆွဲတဲ့ ကာတွန်းပုံတွေကို [email protected] ကို Email နဲ့ ဖြစ်စေ မြန်မာနိုင်ငံကာတွန်းဆရာများ အသင်း face book message box ကို ဖြစ်စေ မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားပေးပို့ကြရမှာ ဖြစ်ပါတယ်။
ပေးပို့လာတဲ့ပုံတွေကို ဝါရင့်ကာတွန်းဆရာတွေ ဖြစ်ကြတဲ့ ကာတွန်းမောင်မောင်၊ ငွေကြည်၊ ဝင်းအောင်၊ အာကာနှင့်သီဟ(စခန်းသစ်) တို့က ရွေးချယ်ကြမှာဖြစ်ပြီး ပြုပြင်ဖို့လိုအပ်တဲ့ ကာတွန်းတွေနဲ့ ပြပွဲနဲ့ မကိုက်ညီတဲ့ ကာတွန်းပုံတွေကိုကို အယ်ဒီတာအဖွဲ့က သုံးသပ်အကြံပြုချက်နဲ့ ပြန်လည်အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။











