DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများ အကြမ်းဖက်ခံရမှု ခိုင်မာတိကျသည့် ဥပဒေပြဋ္ဌာန်းကာကွယ်ရန် လိုအပ်
DVB
·
March 9, 2018
အမျိုးသမီးများ အကြမ်းဖက်ခံရမှု ခိုင်မာတိကျသည့် ဥပဒေပြဋ္ဌာန်းကာကွယ်ရန် လိုအပ်
Donate to DVB

အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေနဲ့ပတ်သက်ပြီး  ခိုင်မာတိကျတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး လွှတ်တော်က ပြည်သူကို ကာကွယ်ဖို့လိုတယ်လို့ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေး လွှတ်တော်ကော်မတီ အတွင်းရေးမှူး  ဒေါ်စူစင်နာလှလှစိုးက ပြောပါတယ်။

မတ် ၈ ရက် ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ပြောကြားသွားတာပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစင်နာလှလှစိုးက “အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ တိုင်းပြည်တပြည်မှာ များမယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အကုန်လုံး ဆုတ်ယုတ်မှာ။ ဒီအမျိုးသမီးတယောက်တည်း မဟုတ်ဘူး။ တနိုင်ငံလုံး ဆုတ်ယုတ်မှာ။ အဲဒီ​တော့ အလေးထားပြီးတော့ တာဝန်ရှိတဲ့သူတွေ ဆောင်ရွက်ရမယ်။ နောက် ကျမတို့ လွှတ်တော်အနေနဲ့လည်း ခိုင်မာတိကျတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ ပြည်သူကို ကာကွယ်ရပါမယ်”လို့ ပြောပါတယ်။

ဥပဒေအရ အမျိုးသမီးတွေကို ကာကွယ်ပေးတယ်လို့ မခံစားရဘဲ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပိုစေတယ်လို့ ငြိမ်း ဖောင်ဒေးရှင်း(ကရင်)၊ နယ်မြေညှိနှိုင်းရေးမှူး ဒေါ်သူသူထွေးက ပြောပါတယ်။

“ဥပဒေအရ အမျိုးသမီးတွေကို ကာကွယ်ပေးတယ်လို့ မခံစားရဘူး။ အမှန်တော့ ဖြစ်သွားတယ်ဆို ကျမတို့ကို ကာကွယ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျမတို့ကို တရားရုံးမှာခေါ်ပြီး စစ် ဆေးတာတွေ မေးမြန်းတာတွေ လုပ်တာပေါ့နော်။ ဒါပေမယ့် တကယ်တကယ် တရားခွင်မှာ ရောက်သွားတဲ့အခါကျတော့ မေးတဲ့မေးခွန်းအားဖြင့် ကျမတို့ အမျိုးသမီးတွေအတွက် စိတ် ဒဏ်ရာရစေတယ်။ တရားဥပဒေက ကျမတို့ကို ကာကွယ်ပေးတယ်ဆိုတာထက်ကို စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ပိုစေတယ်”လို့ ပြောပါတယ်။

အခမ်းအနားကို သက်ဆိုင်ရာနယ်ပယ်တွေမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိဖို့၊ ကျားမ ရေးရာခွဲခြားမှုနဲ့ ကျားမ ရေးရာ အကြမ်းဖက်မှုလျော့ချဖို့၊ အမျိုးသားတွေက အမျိုးသ မီးတွေအပေါ် အလေးထားပြီး ကိုယ်ချင်းစာတရား များလာအောင် လှုပ်ရှားမှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် အမျိုးသမီး အကြမ်းဖက်မှုတွေ လျှော့ချနိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ၂၀၁၆ နိုဝင်ဘာကစပြီး ကလေးသူငယ်တွေအပေါ် မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို Help Line ကနေ တိုင်​ကြားလာတဲ့ အမှုပေါင်း ၂၇၉ မှု၊ ၂၀၁၇ ခုနှစ်မှာ အသက်​ ၁၈ နှစ်အောက် မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုပေါင်း ၁၃၅ မှု၊ ၁၈ နှစ်အထက် ကျူးလွန်တဲ့ မုဒိမ်းမှုပေါင်း ၁၃ မှု၊ အိမ်အကူ နှိပ်စက်မှု ၁၀ မှု၊ အခြားအမှု ၁၂၁ မှုကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲတွေမှာ ဆုရရှိခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအပြင် မသန်စွမ်းအားကစားပြိုင်​ ပွဲမှာ ထူးချွန်ဆုရရှိခဲ့တဲ့ မသန်စွမ်း အမျိုးသမီးတွေကိုပါ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။

အမျိုးသမီးအကြမ်းဖက်မှု လှုပ်ရှားမှုသမိုင်း၊ ကျားမရေးရာ အကြမ်းဖက်မှုအကြောင်း၊ ဥပဒေရေးရာ အမေး အဖြေ၊ ကျား မ ရေးရာနှင့် ကျန်းမာရေး စောင့်ရှာက်မှု အမေး အဖြေတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြသလို သံချပ်၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက၊ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013