DVB Logo
Home
မြန်မာသတင်း
ဝေါမြို့တွင် ရဲစခန်းမှူးကို နယ်ခြားစောင့်တပ်က သေနတ်ဖြင့် ပစ်ခတ်ထိုးကြိတ်
DVB
·
March 9, 2018
ဝေါမြို့တွင် ရဲစခန်းမှူးကို နယ်ခြားစောင့်တပ်က သေနတ်ဖြင့် ပစ်ခတ်ထိုးကြိတ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှာ ဒီနေ့မနက် ၅ နာရီလောက်က စခန်းမှူးတယောက်ကို နယ်ခြားစောင့်တပ်က ဗိုလ်မှူးစောနန်းဦး အပါအဝင် အပေါင်းအပါ ၃ ဦးက သေနတ်နဲ့ ပစ်ခတ်ပြီး ထိုးကြိတ်ကာ သေနတ်ပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဖိုးစိန္ဒာကျေးရွာအနီး ညောင်ခါးရှည်-ဒိုက်ဦး မဟာဗျူဟာလမ်း အမှတ် ၆ တံတားအနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ စခန်းမှူးတဦးကို နယ်ခြားစောင့်တပ်က ဗိုလ်မှူးစောနန်းဦး ဆိုသူက နောက်လိုက် ၂ ဦးနဲ့အတူ သေနတ်နဲ့ ၃ ချက် ပစ်ပြီးမထိလို့ လုံးထွေးသက်ပုတ်ပြီး စခန်းမှူးရဲ့ သေနတ်ကိုပါ ယူဆောင်သွားကာ သေနတ်ကိုတော့ လှည့်ကင်းတပ်ဖွဲ့မှာ ပြန်အပ်သွားတယ်လို့ ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မြင့်က ပြောပါတယ်။

မတ်လ ၈ ရက်မနက် ၄ နာရီခွဲလောက်က ညောင်ခါးရှည် - ဒိုက်ဦး မဟာဗျူဟာလမ်းပေါ်မှာ မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို မြစ်ကျိုးရဲစခန်းက စခန်းမှူး ရဲအုပ်ဝင်းမင်းထွေး ဦးဆောင်မှုနဲ့ စစ်ဆေးနေစဉ် ညောင်ခါးရှည်ဘက်ကနေ ဒိုက်ဦးဘက်ကို မောင်းလာတဲ့ (လိုင်စင်မဲ့) ဟိုက်ဂျက်အဖြူရောင်ကားကို ရပ်တန့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးနေချိန် ညောင်ခါးရှည်ဘက်ကနေ မောင်းလာတဲ့ အနက်ရောင် ကြာတံဆိပ်ပါ ဆလွန်းကားတစီးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်မှူးစောနန်းဦး ဆိုသူဟာ နောက်လိုက် ၂ ဦး နဲ့အတူ ရောက်လာပြီး ဒီဟိုက်ဂျက်ကားက သူတို့ကားဖြစ်ကြောင်း ပြောပြီး စခန်းမှူးဆီက ကားသော့ကို တောင်းခဲ့ပါတယ်။

စခန်းမှူးက ကားသော့ပြန်မပေးတဲ့အတွက် ဗိုလ်မှူးစောနန်းဦးနဲ့ နောက်လိုက်တွေက စခန်းမှူးကို ဆဲဆိုကာ သတ်ပစ်မယ်ဆိုပြီး ဗိုလ်မှူးစောနန်းဦးနဲ့ နောက်တယောက်တို့က ပစ္စတိုသေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့ပါတယ်။

စခန်းမှူးကို မထိတဲ့အတွက် ဗိုလ်မှူးစောနန်းဦးနဲ့ နောက်တယောက်က စခန်းမှူးကို ဝင်ရောက်လုံးထွေးသက်ပုတ်ပြီး ကျန်တယောက်က အခြားရဲတပ်ဖွဲ့တွေ ဝင်မလာအောင် ပစ္စတိုသေနတ်နဲ့ ချိန်ထားပါတယ်။

လုံးထွေးသတ်ပုတ်တ်ရာမှာ သူတို့မှာပါလာတဲ့ ပစ္စတိုသေနတ်နဲ့ထုလို့ စခန်းမှူး ဝင်းမင်းထွေးမှာ နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ယာချိုစောင်း ၂ လက်မလောက် ပွန်းရှဒဏ်ရာနဲ့ နားရွက်နှစ်ဖက် ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး မြစ်ကျိုးတိုက်နယ်ဆေးရုံကို ပို့ဆောင် ဆေးကုသပေးထားရတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အခင်းဖြစ်ပြီး ၅ နာရီကျော်လောက်မှာ  ဗိုလ်မှူးစောနန်းဦးနဲ့ အဖွဲ့ဟာ ရဲအုပ်ဝင်းမင်းထွေး ကိုင်ဆောင်တဲ့သေနတ်ကို ယူဆောင်ပြီး ကျိုက်ထိုဘက်ကို ကားနဲ့ ပြန်လည်ထွက်ခွာသွားပြီး သားငယ် ဆိုသူက ဟိုက်ဂျက်ကားကို ဒိုက်ဦးဘက် မောင်းသွားပါတယ်။

အဲဒီနောက် မြစ်ကျိုးစခန်းမှူးရဲ့ သေနတ်ကို ညောင်ခါးရှည်အပိုင်မှာ လှည့်ကင်း တာဝန်ထမ်းဆောင်နေတဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းထိုက်ကို ဗိုလ်မှူးစောနန်းဦးက ဆက်သွယ်ပြီး အပ်နှံသွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်မှူးစောနန်းဦးပါ ၃ ဦးကို မြစ်ကျိုးရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄ / ၃၃၃ / ၂၉၄ / ၅၀၆ / ၁၁၄ တို့နဲ့ အမှုဖွင့်ထာပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်မြင့်က ပြောပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013