DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ငြိမ်းချမ်းရေး အမျိုးသမီးများ အင်တိုက်အားတိုက် ပါဝင်​ရန် ဝန်ကြီးချုပ် တိုက်တွန်း
DVB
·
March 9, 2018
ကရင်ပြည်နယ် ငြိမ်းချမ်းရေး အမျိုးသမီးများ အင်တိုက်အားတိုက် ပါဝင်​ရန် ဝန်ကြီးချုပ် တိုက်တွန်း
Donate to DVB

ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေ အင်တိုက်အားတိုက် အထူးပါဝင်ပြီး ဆောင်ရွက်ပေးကြဖို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က တိုက်တွန်းလိုက်ပါတယ်။

မတ် ၈ ရက် မနက်က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ အမျိုးသမီးတွေကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က တိုက်တွန်းလိုက်တာပါ။

“ကျမတို့ အမျိုးသမီးတွေက ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကြီးမှာ အထူးပဲ ပါဝင် ဆောင်ရွက်စေချင်ပါတယ်။ ကျမတို့နိုင်ငံကြီး ငြိမ်းချမ်းမှသာ ကျမတို့ရဲ့တိုးတက်မှုက ရှိမှာပါ။ မငြိမ်းချမ်းသေးတဲ့ ကာလပတ်လုံး ကျမတို့က တိုးတက်မှုကို မရနိုင်ပါဘူး။ ငြိမ်းချမ်းရေးမှာ အင်တိုက်အားတိုက်​ ပါဝင်ဆောင်ရွက်​ပေးပါ”လို့ တိုက်တွန်းလိုက်​ပါတယ်​။

ဆက်လက်ပြီး ဝန်ကြီးချုပ်က “နိုင်ငံတကာနဲ့ယှဉ်ပြီး အပြည်​ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပနိုင်တာ ဝမ်းသာရသလို မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ရလာတဲ့အတွက် ကျေနပ်ပြီး အရင်တုန်းက အမျိုးသမီးတွေက အမျိုးသားတွေထက် ဖိနှိပ်ခံရာက အခုလို တန်းတူ အခွင့်အရေးတခု ရလာတာ ကျမတို့အတွက် ဝမ်းသာစရာပါပဲ”လို့ ပြောပါတယ်။

အခမ်းအနားကို သက်ဆိုင်ရာနယ်ပယ်တွေမှာ အမျိုးသမီးတွေပါ တန်းတူအခွင့်အရေးရရှိဖို့၊ ကျား၊မရေးရာ ခွဲခြားမှုနဲ့ ကျား၊မရေးရာ အကြမ်းဖက်မှု လျှော့ချဖို့၊ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် အလေးထားပြီး ကိုယ်ချင်းစာတရား များလာအောင် လှုပ်ရှားမှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ လျှော့ချနိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။

အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဆောင်းပါးနဲ့ စာစီစာကုံးပြိုင်ပွဲတွေမှာ ဆုရရှိခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအပြင် မသန်စွမ်းအားကစား ပြိုင်ပွဲမှာ ထူးချွန်ဆုရရှိခဲ့တဲ့ မသန်စွမ်းအမျိုးသမီးတွေကိုပါ ဂုဏ်ပြုလက်မှတ်နဲ့ ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု လှုပ်ရှားမှုသမိုင်း၊ ကျား၊မ ရေးရာ အကြမ်းဖက်မှု အကြောင်း၊ ဥပဒေရေးရာ အမေးအဖြေ၊ ကျား၊မရေးရာနှင့် ကျန်းမာရေးစောင့်ရှာက်မှု အမေး အဖြေတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြသလို သံချပ်၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက၊ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013