DVB Logo
Home
Lead Story
ပြည်ပချေးငွေတွေ အကျိုးရှိရှိ အသုံးချခဲ့သလား
DVB
·
March 9, 2018
ပြည်ပချေးငွေတွေ အကျိုးရှိရှိ အသုံးချခဲ့သလား
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ပေးစရာရှိတဲ့ ကြွေးမြီဟာ အစိုးရထုတ်ပြန်ချက်အရ ဆိုရင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၄၈ ဘီလီယံ ရှိပါတယ်။ ပြည်တွင်းကြွေးမြီကတော့ ကျပ် ၁၈၀၂၀ ဘီလီယံ (အခု ငွေလဲနှုန်းနဲ့တွက်ရင် ကန်ဒေါ်လာ ၁၃ ဒသမ ၄၈ ဘီလီယံ) ပါ။ ပြည်ပနဲ့ ပြည်တွင်း နှစ်ခုပေါင်းလိုက်ရင် နိုင်ငံရဲ့ အမျိုးသားကြွေးမြီဟာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၆၂၈ ဘီလီယံ ရှိနေပါတယ်။ ဒီပမာဏကို မြန်မာနိုင်ငံရဲ့ လက်ရှိလူဦးရေ (UN မှန်းဆချက်) ၅၃ ဒသမ ၇ သန်းနဲ့ အချိုးချကြည့်မယ်ဆိုရင် လူတဦးချင်းစီမှာ အကြွေး ငါးသိန်းခွဲကျော် ရှိနေတယ်လို့ ပြောလို့ရပါတယ်။

ခေတ်အဆက်ဆက် ကြွေးမြီများ

မြန်မာနိုင်ငံက စစ်အစိုးရ လက်ထက်ကတည်းက ချေးထားခဲ့တဲ့ နိုင်ငံတကာ ကြွေးမြီတွေ ရှိခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာတော့ ထုတ်ပြန်ကြေညာခဲ့တဲ့ နိုင်ငံတကာကြွေးမြီပမာဏဟာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကျော်ပါပဲ။ အဲဒီတုန်းက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ တရုတ်နဲ့ ပါရီကလပ် အဖွဲ့ဝင်နိုင်ငံတွေဆီကို အကြွေးတွေပေးဖို့ တင်နေခဲ့တာပါ။ ၂၀၁၂ ခုနှစ်လောက်မှာပဲ အရင်ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးဝင်းရှိန်နဲ့ ဦးသိန်းစိန်အစိုးရ စီးပွားရေးအကြံပေးဟောင်း ဒေါက်တာဇော်ဦးတို့ အဖွဲ့တွေ ပါရီကလပ်နိုင်ငံတွေနဲ့ ကြွေးမြီလျှော်ချပေးရေး ညှိနှိုင်းမှုတွေ လုပ်ခဲ့ရာက ပါရီကလပ်အကြွေးတွေ တဝက်လောက် လျော့သွားခဲ့ဖူးပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က အကြွေးကိုလည်း ဂျပန်နိုင်ငံကနေ လှည့်ပြန်ဆပ်ပြီးမှ ချေးငွေ ထပ်ပြန်ယူရတာတွေ ရှိခဲ့ပါတယ်။ တရုတ်ချေးငွေကတော့ အဲဒီအချိန်ကတည်းက ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံနဲ့ အများဆုံး ရှိနေခဲ့တာပါ။

ပြည်ပချေးငွေနဲ့ အတိုးနှုန်း

မြန်မာနိုင်ငံရဲ့ ပြည်ပချေးငွေ ၉ ဒသမ ၁ ဘီလီယံကျော်မှာ တရုတ်နိုင်ငံက ၃ ဒသမ ၈ ဘီလီယံကျော်နဲ့ အများဆုံးဖြစ်ပြီး ဂျပန်က ၂ ဘီလီယံကျော်နဲ့ ဒုတိယအများဆုံး ရှိနေပါတယ်။ ကျန်တာတွေကတော့ ကမ္ဘာ့ဘဏ်ရဲ့ IDA ချေးငွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေ၊ ဂျာမနီ၊ ပြင်သစ်နဲ့ အခြားချေးငွေတွေ ပါပါတယ်။

ဒီချေးငွေတွေထဲမှာ အတိုးနှုန်းတွေက အမျိုးမျိုးရှိနေကြတာပါ။ အတိုးနှုန်း ၁ ရာခိုင်နှုန်းအောက် ချေးငွေတွေလည်းရှိပြီး အမြင့်ဆုံးက ၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ဆီက ချေးယူတဲ့ ဖွံ့ဖြိုးရေး ချေးငွေတွေက အတိုးနှုန်း သက်သာပြီး နိုင်ငံအလိုက် ချေးယူတဲ့ ကော်မာရှယ် ချေးငွေတွေက အတိုးနှုန်း မြင့်မားပါတယ်။ ဒီထဲမှာ တရုတ်ချေးငွေကတော့ အတိုးနှုန်း အမြင့်ဆုံးဖြစ်ပြီး ၂ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ အမျိုးမျိုးရှိတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောဆိုဖူးပါတယ်။

အတိုး အရင်း ပြန်ဆပ်ရမယ့်အချိန်ရောက်ပြီ

အစိုးရရဲ့ ၂၀၁၇ ခုနှစ်၊ ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာအရဆိုရင် ပြည်ပကြွေးမြီတွေကို အရင်းရော အတိုးပါ ဆပ်ရမယ့်ကာလ ရောက်နေပါပြီ။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အရင်းပြန်ဆပ်ငွေ ဒေါ်လာ ၃၉၆ သန်းကျော်နဲ့ အတိုးပြန်ဆပ်ငွေ ဒေါ်လာ ၂၁၆ သန်းကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁၂ သန်းကျော် ဆပ်ခဲ့ရပါတယ်။ မဟာဗျူဟာအရဆိုရင် ဒီနှစ်မှာလည်း အတိုး အရင်းပေါင်း ဒေါ်လာသန်း ၇၀၀ နီးပါး ပြန်ဆပ်ရမှာပါ။ နောက်လာမယ့်နှစ်တွေမှာလည်း အခုထက်ပိုတိုးပြီး ဆပ်သွားရမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်နောက်ပိုင်းမှသာ တဖြည်းဖြည်း လျော့ကျသွားမှာကို တွေ့ရပါတယ်။

များပြားလာနေတဲ့ ပြည်တွင်းအကြွေး

လက်ရှိ ပြည်တွင်းကြွေးမြီပမာဏက ပြည်ပကြွေးမြီပမာဏထက် များနေသလို အတိုးနှုန်း ဆပ်နေရတာကလည်း  ပိုများနေပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ပြည်တွင်းအကြွေးတွေအတွက် အတိုးဆပ်ရတာ အမေရိကန်ဒေါ်လာ ၈၅၂ သန်းပါ။ ပြည်တွင်းကြွေးတွေ များလာရတာက အစိုးရရဲ့ ဘတ်ဂျတ်လိုငွေတွေကို ဖြည့်နေရတာကြောင့် ဖြစ်ပါတယ်။ အစိုးရဟာ ငွေတိုက်စာချုပ်တွေ၊ ငွေတိုက်လက်မှတ်တွေကို အတိုးနှုန်းနဲ့ ရောင်းရပါတယ်။ ဒါကို ပြည်တွင်းဘဏ်တွေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေနဲ့ ဗဟိုဘဏ်က ဝယ်ယူကြတာပါ။

ရှင်းအောင်ပြောရရင်တော့ အစိုးရက အဲဒီအဖွဲ့အစည်းတွေဆီကနေ ငွေချေးတာပါပဲ။ လက်ရှိ ပြည်တွင်းအကြွေးတွေအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ဗဟိုဘဏ်က ဖြည့်ဆည်းပေးနေရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံမို့ ဘတ်ဂျတ်လိုငွေ ပိုပိုပြလာတာကို လက်ခံရမှာ ဖြစ်ပေမယ့် တဖက်ကလည်း ထိန်းရမယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေကို GDP ရဲ့ ၅ ရာခိုင်နှုန်းအထက် မကျော်ဖို့ အကြံပြုတာမျိုး၊ မလိုလားအပ်တဲ့ အသုံးစရိတ်တွေ လျှော့ချဖို့ အကြံပြုတာမျိုးတွေ ရှိခဲ့ပါတယ်။

အကြွေးတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့

အကြွေးတွေ များလာရင်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဗီယက်နာမ်မှာ ကြွေးမြီပမာဏ များပြားလာခြင်းဟာ ပြဿနာတခု ဖြစ်လာတာမို့ သူတို့ရဲ့ ဘတ်ဂျက်လိုငွေတွေကို လျှော့ချဖို့ ပြင်ဆင်နေရပါတယ်။ ဗီယက်နမ်ရဲ့ ကြွေးမြီဟာ ၂၀၀၁ လောက်မှာ GDP ရဲ့ ၃၆ ရာခိုင်နှုန်းလောက်ကနေ ၂၀၁၆ မှာ ၆၂ ရာခိုင်နှုန်းအထိ ရောက်လာတယ်လို့ IMF ရဲ့ အချက်အလက်အပေါ် ကိုးကားပြီး Asia Times က ဖော်ပြခဲ့ပါတယ်။ ဗီယက်နမ် ဘတ်ဂျက်လိုငွေဟာ GDP ရဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းထိ ရှိလာတာမို့ သူတို့အစိုးရက ၃ ဒသမ ၅ ရာခိုင်နှုန်းလောက်ထိ ပြန်လည်လျှော့ချဖို့ ပြင်ဆင်နေတယ်လို့  ဆိုထားပါတယ်။

အာဆီယံမှာလည်း ကြွေးမြီနဲ့ GDP အချိုးမှာ ဗီယက်နမ်ဟာ အမြင့်ဆုံးထဲ ပါနေတာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကြွေးမြီနဲ့ GDP အချိုးက ၃၅ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယားရဲ့ ကြွေးမြီနဲ့ GDP အချိုးဟာ ၃၃ ရာခိုင်နှုန်း၊ လာအိုက ၄၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၄၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှားက ၂၇ ဒသမ ၉ ရာခိုင်နှုန်းပါ။ ဗီယက်နမ်ကတော့ ဖွံ့ဖြိုးမှု အရှိန်ရစအချိန် ဆိုပေမယ့် တဖက်မှာ ၆၂ ရာခိုင်နှုန်းနဲ့ ကြွေးမြီဝန်ထုပ် ဖြစ်ခဲ့ပါတယ်။

ချေးငွေတွေ အကျိုးရှိရှိ သုံးဖြစ်ခဲ့လား

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI က အရေးပါသလို ပြည်ပချေးငွေတွေ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းပေါင်းစုံက အကူအညီပေးရေး ချေးငွေတွေကလည်း တည်ဆောက်ရေးမှာ အရေးပါပါတယ်။ မြန်မာနိုင်ငံက တံခါးပိတ်ဝါဒနဲ့ နှစ်အများကြီး ဖြတ်သန်းခဲ့ရတော့ အကူအညီတွေ ချေးငွေတွေနဲ့ အဆက်ပြတ်ခဲ့ရပါတယ်။ အရင်ဆက်ဆံခဲ့တဲ့နိုင်ငံတွေ အပါအဝင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကအစ ဦးသိန်းစိန်လက်ထက်မှ ပြန်လည် အဆက်အသွယ်လုပ်ခဲ့ကြတာဆိုတော့ အကူအညီနဲ့ တည်ဆောက်တဲ့ အခန်းကဏ္ဍမှာ အများကြီး နောက်ကျကျန်ခဲ့ပါတယ်။

စီးပွားရေးပညာရှင်တွေ ပြောကြတာက တိုင်းပြည်တည်ဆောက်ရေးမှာ ဒီလို အကူအညီတွေကို အမှန်တကယ် အကျိုးရှိအောင် သုံးမယ်ဆိုရင် ဖွံ့ဖြိုးမှုမှာ မြန်မြန်နဲ့ ရှေ့ပိုရောက်စေတယ် ဆိုတာပါပဲ။ အတိုးနှုန်း သက်သာလွန်းစွာနဲ့ ရတဲ့အကူညီတွေ ရှိသလို အတိုးနှုန်းမြင့်တဲ့ တရုတ်ချေးငွေလိုမျိုးတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ချေးငွေမှာ တရုတ်ချေးငွေက အများဆုံးဖြစ်သလို အတိုးနှုန်းကလည်း အမြင့်ဆုံးပါ။ ဒီတော့ အဲဒီ အတိုးမြင့် ချေးငွေတွေနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းစဉ်တွေက တကယ် အကျိုးရှိခဲ့လား၊ ဖြုန်းတီးပစ်ရာ ပိုရောက်ခဲ့လား ဆိုတာတွေက မေးစရာ ဖြစ်လာခဲ့ပါပြီ။

သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013