
အမေရိကန်အပေါ် မယုံကြည်သလို အီရန်ရဲ့ အခွင့်အရေးတွေကို အပြည့်အဝ မကာကွယ်ပေးနိုင်ရင် ဝါရှင်တန်နဲ့ ဘာသဘောတူညီချက်မှ ရယူမှာ မဟုတ်ဘူးလို့ အီရန်ညှိနှိုင်းရေးမှူးချုပ် မိုဟာမက်ဘာဂါ ဂါလီဘက်ဖ်က မေ ၃၁ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပိုမိုတင်းကျပ်တဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်အသစ်ကို အီရန်ဘက် ပြန်ပို့ခဲ့တယ်လို့ သတင်းထွက်လာပြီးနောက် ဂါလီဘက်ဖ်က အခုလို တုံ့ပြန်လိုက်တာပါ။
ထရမ့်ပ် တောင်းဆိုထားတဲ့ ပြင်ဆင်ချက်တွေထဲမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ သန့်စင်ပြီး ယူရေနီယံတွေ ဖယ်ရှားရေး ကိစ္စရပ်တွေ ပါဝင်နေပါတယ်။
နျူကလီးယားနဲ့ပတ်သက်ပြီး ထရမ့်ပ်က “ကျုပ်တို့ မဖြစ်မနေ ရရမဲ့ အာမခံချက်တခုကတော့ နျူကလီးယားလက်နက် လုံးဝမရှိစေရဖို့ပါပဲ” လို့ ပြောပါတယ်။
ဒါပေမဲ့ အီရန်ဘက်ကတော့ နျူကလီးယားဆွေးနွေးပွဲတွေ မစခင်မှာ ထိန်းချုပ်ခံထားရတဲ့ အီရန်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကို အရင်ဆုံး ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်အကြား ဆွေးနွေးမှုတွေကို ပါကစ္စတန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတာပါ။
တကယ်လို့ သဘောတူညီချက်ဟာ မျှော်မှန်းချက်အတိုင်း ဖြစ်မလာရင် စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြန်စနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်သ်က သတိပေးပါတယ်။
တချိန်တည်းမှာပဲ အီရန်က ငြိမ်းချမ်းရေးသဘောတူညီချက်ထဲမှာ လက်ဘနွန်အရေး ထည့်သွင်းဖို့ တောင်းဆိုထားပြီး အစ္စရေးကတော့ လက်ဘနွန်မှာ ထိုးစစ်အရှိန်မြှင့်နေပါတယ်။










