
အမျိုးသမီးတွေရဲ့ဘဝကို မြှင့်တင်ပေးတာက စီးပွားရေးဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းမှုနဲ့ တန်းတူညီမျှမှုတို့ကို ဆင့်ပွားရရှိလာလိမ့်မယ်လို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မုံရွာမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာက ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က "ဒီနေ့ ကမ္ဘာမှာ အဓိက ကျနေတဲ့ ပြဿနာတွေဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေးနဲ့ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အလွန် အရေးပါလှပါတယ်။ ဒီကိစ္စတွေကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ဖို့ အမျိုးသမီးတွေ စာတတ်မြောက်မှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝဖို့တွေ လိုအပ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင်ပေးခြင်းဟာ သူတို့ရဲ့ မိသားစုတွေကို ဖွံ့ဖြိုးတိုးတက်စေသလို စီးပွားရေးဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းမှုနှင့် တန်းတူညီမျှမှုတို့ကို ဆင့်ပွားရရှိလာလိမ့်မယ်" လို့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်က အမျိုးသမီးများဘဝ မြှင့်တင်ဖို့ ကျေးလက်နှင့် မြို့ပြ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင် ကြိုးပမ်းကြပါစို့လို့ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အဲဒီထဲက အမျိုးသမီးဦးရေက ၂၆ သန်းကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းအနေနဲ့လည်း လူဦးရေ ၅ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေက ထက်ကျော်ရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အိမ်တွင်းအကြမ်းဖက်မှု၊ လိင် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု စတာတွေလည်း နေ့စဉ် ကြုံတွေ့နေရဆဲဖြစ်လို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့လည်း အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု စတာတွေ လေျာ့နည်းပပျောက်အောင် ကျေးရွာတွေထိ ကွင်းဆင်းအသိပညာပေး ဟောပြောနေတယ်လို့ သိရပါတယ်။
အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာရေး၊ အမျိုးသမီးအခွင့်အရေးတို့အတွက်လည်း နိုင်ငံတော်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၁၃-၂၀၂၂)ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
အမျိုးသမီးတွေအပေါ် လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းနဲ့ လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေရေးဆွဲနေတယ်လို့လည်း သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ လူမှုဝန်ထမ်းဦးစီး ဌာန မူကြိုကျောင်းမှာ ကလေးငယ်တွေက အကအလှတွေနဲ့ တင်ဆက်ကပြခဲ့ပြီး ဆုလက်ဆောင်တွေကိုလည်း ချီးမြှင့်ခဲ့ပါတယ်။











