
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းပေါက်ကျေးရွာ၊ မဟာဝါဠုကာရာမ ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် တပါး သေနတ်နဲ့ပစ်ခတ်ခံရလို့ ပျံလွန်တော်မူသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂ ရက်၊ မနက် ၇ နာရီခွဲလောက်မှာ မဟာဝါဠုကာရာမ ကျောင်းတိုက်ကို ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ လက်နက်ကိုင်အဖွဲ့တချို့က ဆရာတော်ဉူးစန္ဒာဝရကို သေနတ်နဲ့ လာရောက်ပစ်သတ်သွားတယ်လို့ သိရပါတယ်။
တောင်သာမြို့နယ်၊ ဒေသခံ အရပ်သားတယောက်က “ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတာ။ တခါတည်း ပွဲချင်းပြီး ဆုံးသွားတာ။ ဆရာတော်ကို ကျောင်းဝင်းအပြင်ဘက်ထိ ခေါ်သွားပြီး အပြင်ဘက်ရောက်မှ ပစ်သတ်သွားတာ” လို့ ပြောပါတယ်။
ဆရာတော်ဉူးစန္ဒာဝရဟာ သက်တော် ၄၈ နှစ်၊ ဝါတော် ၂၈ နှစ် ဖြစ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့မှ ဆက်နွှယ်ပတ်သက်တာမရှိဘူးလို့ သိရပါတယ်။
ဆရာတော် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ တောင်သာမြို့နယ်ဘက်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်အာဏာရှင်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။










