
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းမြောက်အုပ်စု မီးလောင်းချောင်းကျေးရွာအနီး၊ မိုင်တိုင် အမှတ် ၅ မိုင် ၇ ဖာလုံမှာ တပ်မတော်သား ၂ ဦး ဆိုင်ကယ်အရှိန်လွန်ပြီး ချောက်ထဲပြုတ်ကျလို့ သေဆုံးသွားတယ်လို့ အမ်းမြို့မရဲစခန်းက အတည်ပြုပြောပါတယ်။
အမ်းမြို့မရဲစခန်းက ဒုရဲအုပ်ဇွဲမာန်ဟိန်းက “ကျနော်တို့ သတင်းရလို့ သွားတဲ့အခါ ဒီကနေ့ မနက် ၁၂ နာရီ လောက်ရှိမယ်။ ဖြစ်တာကမနေ့ ည ၁၁ နာရီ ၁၂ နာရီလောက်မှာရှိမယ် ထင်တယ်။ အမ်းကနေစစ်တွေဘက်ကို သွားတဲ့လမ်းမှာ အရှိန်လွန်ပြီး ချောက်ထဲကို ပြုတ်ကျ သွားတာ။ ဘယ်ဖက်ကချောက်ထဲကိုသွားတာ။ နှစ်ယောက်လုံး ဆုံးသွားတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
သူတို့နှစ်ဦးဟာ ဘယ်အချိန်က သေဆုံးနေတာကို မသိရှိကြောင်းနဲ့ အနီးအနားက ကျေးရွာ အုပ်ချုပ်တွေနဲ့ တာဝန်ရှိသူတွေက လာရောက်သတင်းပေးလို့ ဒီကနေ့ မနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးတဲ့ အခါမှာ သေဆုံးနေတာကို တွေ့ရတာလို့ ဒုရဲအုပ်က ပြောပါတယ်။
သေဆုံးသူနှစ်ဦးဟာ အမ်းမြို့ရှိ တိုက်စည်းသင်တန်းကျောင်းကို သင်တန်းတက်ဖို့ ရောက်ရှိ လာတဲ့ စစ်တွေမြို့ အခြေစိုက်စစ်အင်ဂျင်နီယာတပ်ရင်းက စအရ ၉၀၈ က တပ်ကြပ်ကြီးစာရေး ဖြိုးဝေနဲ့ တပ်သား စိုးမိုးကျော်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
တပ်မတော်သား ၂ ဦးသေဆုံးမှုနဲ့ပတ်သတ်လို့ တပ်ဖက်ကိုလွှဲပြောင်းပေးဖို့ လုပ်ဆောင် နေပြီး အမှုဖွင့်ဖို့ကိစ္စလည်းဆက်လက် ဆောင်ရွက်နေပါတယ်။
သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ ဟန်မင်းလှိုင်











