
အင်မတန်လှပကောင်းမွန်တဲ့ တရားဥပဒေတွေကို စာအုပ်ကြီးထဲမှာထားပြီးတော့ ပြည်သူတွေရဲ့ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိအောင် မလုပ်နိုင်ဘူးဆိုရင် တရားဥပဒေ စိုးမိုးရေးရှိတယ်လို့ ပြောမရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မတ် ၇ ရက် ဒီမနက် နေပြည်တော်မှာလုပ်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
“ပြည်သူလူထုဟာ ကိုယ်နိုင်ငံမှာရှိနေတဲ့ ဥပဒေတွေဟာ တရားတဲ့ဥပဒေတွေလား၊ ဒီဥပဒေတွေဟာ ဒီတရားဥပဒေတွေဟာ စိုးမိုးနေရဲ့လား၊ တရားဥပဒေစိုးမိုးရေးဆိုတာရှိရဲ့လား၊ အင်မတန်မှ လှပကောင်းမွန်တဲ့ တရားဥပဒေတွေကို စာအုပ်ကြီးထဲမှာထားပြီးတော့ ပြည်သူတွေ ရဲ့ ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိအောင် မလုပ်နိုင်ဘူးဆိုလို့ရှိရင် တရားဥပဒေစိုးမိုးရေး ရှိတယ်လို့ ပြောလို့မရပါဘူး။”
တရားဥပဒေစိုးမိုးရေးရှိမှ ငြိမ်းချမ်းရေးဟာ တည်တံ့ခိုင်မြဲနိုင်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် တရားတဲ့ဥပဒေတွေရှိမှ ပြည်သူတွေဘ၀ လုံခြုံစိတ်ချရမယ်လို့လည်း ပြောပါသေးတယ်။
“တကယ်အရေးကြီးတာ တရားတဲ့ဥပဒေတွေ ဖြစ်ရမယ်၊ မတရားတဲ့ ဥပဒေတွေ စိုးမိုးတယ် ဆိုတာ ဘယ်သူကိုမှ အကျိုးမပြုပါဘူး။ ကျမတို့နိုင်ငံကို အကျိုးပြုဖို့ ကျမတို့ ပြည်သူပြည်သားတွေ တည်ငြိမ်မှု၊ လုံခြုံမှုရဖို့ဆိုလို့ရှိရင် တရားတဲ့ဥပဒေတွေဖြစ်ဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။ ဥပဒေတစ်ခုက တရားတယ်၊ မတရားတယ်ဆိုတာ နောက်ဆုံး ဘယ်သူက ဆုံးဖြတ်မလဲဆိုတာ ပြည်သူလူထုကပဲဆုံးဖြတ်ရမှာပဲ။ ပြည်သူလူထုရဲ့ ဘ၀အပေါ်မှာ နိစ္စဓူဝတွေ အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲ တကယ်ပဲ တည်ငြိမ်မှု၊ လုံခြုံမှု၊ အားလုံးအတွက် တန်းတူ ရည်တူ အခွင့်အရေးပေးတဲ့ဥပဒေတွေ ဟုတ်သလား၊ မဟုတ်သလားဆိုတာ နောက်ဆုံး ပြည်သူက ဆုံးဖြတ်ရမှာ “
တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံတော်ရဲ့ ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။
အခုညီလာခံကနေ ရှေ့ဆက်မယ့် မဟာဗျူဟာတစ်ရပ် ထွက်ပေါ်လာပြီး နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ယဉ်ကျေးမှုခိုင်မာလာစေဖို့ အားလုံးဝိုင်းဝန်းကူညီကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသွားပါတယ်။











