DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုကျုးလွန်ထွက်ပြေးနေသည့် တပ်မတော်သား ၁ဦးကို အမှုဖွင့်
DVB
·
March 7, 2018
သက်ငယ်မုဒိမ်းမှုကျုးလွန်ထွက်ပြေးနေသည့် တပ်မတော်သား ၁ဦးကို အမှုဖွင့်
Donate to DVB

အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်ကို  မုဒိမ်းမှုကျုးလွန် ထွက်ပြေး တိမ်းရှောင်နေတဲ့ တပ်မတော်သား ၁ဦးကို အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့ ၀ိုင်းဝန်းရှာဖွေနေတယ်လို့ ကနီမြို့မရဲစခန်းကသိရပါတယ်။

မတ်လ ၅ ရက် ညနေ ၃ နာရီလောက်က အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နယ်နမိတ်အနီး စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ သီးကုန်းရွာနေ အသက် ၁၂နှစ်အရွယ် မိန်းကလေးငယ်ကို အမျိုးသားဥယျာဉ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စ.အ.ရ ၉၀၉ တပ်မှ ကိုယ်ပိုင်အမှတ် ၅၂၈၄၈၆ တပ်သား ဇော်မျိုးသူဆိုသူက လိမ်လည်ခေါ်ယူကာ အလို မတူဘဲ အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့တယ်ဆိုပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။

အဆိုပါ မိန်းကလေးငယ်ဟာ ရွာနဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သွားရာလမ်းအနီးက ဦးလေးတော်စပ်သူရဲ့ယာတောကို အဖော်တွေနဲ့အတူ အလည်လိုက်သွားပြီး  ဘုရားဖူးသွားရာလမ်းမှာ လမ်းပြင်ကြကာ ဘုရားဖူးခရီးသွားတွေထံ ကနေ အလှူခံနေခဲ့ကြတာဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာသူတစ်ယောက်က ပွင့်ကြီးစခန်းမသိလို့ လိုက်ပို့ပေးပါပြောရာကနေ လိုက်ပို့ခဲ့ပြီး အပြန်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာလို့ မိန်းခလေးရဲ့ အဒေါ်ဖြစ်သူကပြောပါတယ်။

"သူနဲ့အတူ ကလေးတွေက တဲကိုပြန်လာတယ်။ အဲဒီကောင်မလေးကို မတွေ့လို့ မေးတော့ လူတစ်ယောက်ကဆိုင်ကယ်နဲ့ လမ်းမသိလို့လိုက်ပြပေးပါဆိုပြီး ခေါ်သွားတယ်။ အဲဒီမှာ ဦးလေးဖြစ်သူက ဒီလမ်းဒီခရီးမှားစရာလမ်းမရှိဘူးဆိုပြီး မသင်္ကာလို့ လင်မယား ၂ယောက် ဆိုင်ကယ်နဲ့ လိုက်ကြတာ။ ၄ခွဲ၊ ၅နာရီလောက်တော့ ရှိတော့မယ်။ လိုက်တော့ ဂုံညင်းပင်နှင့် ပွင့်ကြီးစခန်း ကြားမှာ အဲဒီလူကိုတွေ့တယ်။ တွေ့တော့ ဂုတ်ဆွဲပြီး မင်းလားငါ့တူမ ကို စော်ကားတာဆိုပြီး မေးတော့ အဲဒီလူက ကျနော်ကစစ်သား။ ကိုးမိုင်ကိုလိုက်ခဲ့။ အဲဒီမှာ ကျနော့်ဗိုလ်ကြီးရှိတယ် ဗိုလ်ကြီးနဲ့ရှင်းဆိုပြီးပြောတယ်။ ဒါနဲ့ ဦးလေးက ကလေးကိုပြန်ခေါ်သွား နေတုန်း အဲဒီလူက မစောင့်ဘဲ ကိုးမိုင်ဖက်ကိုထွက်သွားတာ။ အားလုံးဝိုင်းလိုက်ကြတော့ ဆိုင်ကယ်ကိုတော့ ဂုံညင်းပင်စခန်းနားမှာ ပစ်ထားခဲ့တယ်။ လူတော့ မတွေ့ဘူး။ ကိုးမိုင် ရောက်တော့လည်း အဲဒီလူက စစ်သားဟုတ်တယ်။ ဆိုင်ကယ်လည်းဟုတ်တယ်ဆိုတာကို သိရတယ်။ အဲဒီကနေ ည၉ နာရီကျော်မှာ နတ်ထိပ်က ကားနဲ့ ဒုတပ်ကြပ်ဝင်းရွှေတို့က ရွာလာပြီး မုံရွာက တပ်ဆေးရုံကို ပို့ပေးတာ။ အခုတော့ တပ်ဆေးရုံမှာ တက်နေရတုန်းပဲ"လို့ ပြောပါတယ်။
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေးကလည်း ဖြစ်စဉ်တွေ အကုန်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

မိဘတွေကတော့ ၄မိုင်လောက်ဝေးတဲ့တောမှာ တောင်သူလုပ်နေတာဖြစ်လို့ နောက်တနေ့ မနက်မှသိရတဲ့အကြောင်း ဖခင်ဖြစ်သူက "ကျနော့်သမီး ကျန်းမာရေး ပြန်ကောင်းဖို့နဲ့ အဲဒီကောင်ကို ဥပဒေအတိုင်း ထိထိရောက်ရောက် ဖြစ်စေချင်တာပဲသိတယ်"လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၆ ရက် မနက်အစောပိုင်းက ကနီမြို့မရဲစခန်းမှာ အမှုဖွင့် ထားပြီး အခင်းဖြစ်ရာနေရာတွေ ကွင်းဆင်းစစ်ဆေးတာ၊ သက်သေခံပစ္စည်သိမ်းယူတာ၊ တရားခံ ဖမ်းဆီးရမိရေး ဝိုင်းဝန်းပိတ်ဆို့ရှာဖွေနေတယ်လို့ ကနီမြို့မရဲစခန်းက သိရပါတယ်။

လတ်တလောမှာတော့ မိန်းကလေးကို တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ လိုက်ပါစောင့်ရှောက်ပေးနေတဲ့ အဒေါ်ဖြစ်သူက ပြောပါတယ်။

"ည ဆေးရုံပို့တော့ ဖြစ်နိုင်ရင် ကပိုင်ဆေးရုံမှာ တက်ချင်တယ်ပြောသေးတယ်။ ဒါပေမယ့် ပို့ပေးတဲ့ စစ်သားကကလေးကျန်းမာရေးအတွက် တပ်ဆေးရုံပို့မှရမယ်ဆိုပြီးပြောတယ်။ ည ၁၀ ခွဲလောက်ရှိမလားမသိ ဆေးရုံရောက်တာက။ သူတို့ကတော့ လိုအပ်တာအကုန်လုပ်ပေးတယ်။ ခွဲခန်းထဲပို့ပြီး ချုပ်ရတယ်လို့လည်းပြောတယ်။ ရဲတွေလည်းလာတယ်။ လူကြီးတွေလည်း လာလည်း ကြည့်တယ်။ တပ်ဆေးရုံခေါ်တာက အမှုပေါ့အောင်ခေါ်တာ မဟုတ်ဘူး။ ကလေး ကျန်းမာရေးအတွက်ခေါ်တာ။ အထင်မလွဲစေချင်ဘူး လို့ ဆရာဝန်လားမသိဘူး ပြောသေးတယ်"

ဒီအမှုနဲ့ပတ်သက်ပြီးလိုက်လံစစ်ဆေးရာမှာ 125 အနက်ရောင်ဆိုင်ကယ်ပေါ်မှာ ကလေးရဲ့ အဝတ်အစား၊ ပြစ်မှုကျုးလွန်ခဲ့တဲ့တဲတွေမှာ သွေးစတွေတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စကို မုံရွာမြို့ခံ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံလွှတ်တော်ကိုယ်စား လှယ်တွေကလည်း အမှုမှန်အတိုင်းဖြစ်အောင် လိုက်လံကူညီဆောင်ရွက်ပေးနေကြပါတယ်။
"ကျနော်တို့နယ်မှာတော့ အခုလို မုဒိမ်းမှုဖြစ်တယ်ဆိုတာ တစ်ခါမှမကြားခဲ့ဖူးဘူး။ ဒါပထမဆုံးအကြိမ်ပဲ"လို့ သီးကုန်းအုပ်ချုပ်ရေးမှူးကလည်းဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးပြစ်မှုကျုးလွန်ထွက်ပြေးနေတဲ့  တပ်သား ဇော်မျိုးသူဆိုသူကိုတော့ ကနီမြို့မရဲစခန်းမှာ (ပ)၄၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013