DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားဥပဒေပါ ကြီးလေးသည့်ပစ်ဒဏ်များ လျော့ပေါ့ရန်သဘောတူ
DVB
·
March 7, 2018
ရွှေ့ပြောင်းအလုပ်သမားဥပဒေပါ ကြီးလေးသည့်ပစ်ဒဏ်များ လျော့ပေါ့ရန်သဘောတူ
Donate to DVB

ထိုင်းစစ်ကောင်စီအစိုးရက ထုတ်ပြန်ထားတဲ့ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဘီအီး ၂၀၁၇ ဥပဒေထဲက ကြီးလေးတဲ့ ပြစ်ဒဏ်တချို့ကို ပြင်ဆင်လျော့ပေါ့ပေးဖို့ မတ်လ ၆ ရက်  ထိုင်းဝန်ကြီးများအစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။

မနှစ် ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေထဲမှာ ဥပဒေမလိုက်နာရင် ကျခံရမယ့်ပြစ်ဒဏ်တွေဟာ ကြီးလေးလွန်းတဲ့အတွက် ပြန်လည်ပြင်ဆင် သုံးသပ်ဖို့ အကြံပြုချက်တွေ လက်ခံရပြီးတဲ့နောက် ဥပဒေတချို့ကို လျော့ပေါ့ပေးဖို့ သဘောတူ ခဲ့ကြတယ်လို့ ထိုင်းဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်ဆင်ကယောက်ကမ်နုတ်က  သတင်းစာရှင်းလင်းပြောပါတယ်။


အဆိုပါ ပြင်ဆင်ဖို့သဘောတူလိုက်တဲ့ ပုဒ်မတွေထဲမှာ  ပုဒ်မ ၁၀၁ အရ ခွင့်ပြုချက်မရှိဘဲ (အလုပ်သမားကတ်)မရှိဘဲ အလုပ်လုပ်တာတွေ့ရင် ထောင်ဒဏ် ၅ နှစ်၊ ငွေဒဏ် ဘတ် ၂ သောင်းမှ ၁ သိန်းထိ ကျခံရမယ့်ပြစ်ဒဏ်အစား  ထောင်ဒဏ်ကို ပယ်ဖျက်ပြီး ငွေဒဏ် ဘတ် ၅ ထောင်မှ ၅ သောင်းထက်မပိုထိ လျော့ချဖို့ သဘောတူခဲ့ပါတယ်။


ပုဒ်မ ၁၀၂ အရ အလုပ်ရှင်အနေနဲ့ ဥပဒေနဲ့မညီညွတ်တဲ့အလုပ်သမားကို ငှားရမ်း ခန့်ထားတယ်ဆိုရင် အလုပ်သမား ၁ ဦးအတွက် ဒဏ်ငွေ ဘတ် ၄ သိန်းမှ ၈ သိန်းထိ ကျခံရမယ့်အစား ဒဏ်ငွေ ဘတ် ၁ သောင်းမှ ၁ သိန်းထက်မပိုထိ လျော့ချဖို့ သဘောတူခဲ့ပါတယ်။


အလုပ်ရှင်အနေနဲ့ ဥပဒေချိုးဖောက်မှုကို ထပ်ခါတလဲလဲပြန်လည်ပြုကျင့်က  ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ်အနည်းဆုံး ဘတ် ၅ သောင်းမှ ၂ သိန်းထိ ပေးဆောင်ဖို့  အလုပ်သမား ငှားရမ်းခွင့် ၃ နှစ်ပိတ်ပင်ရန် သတ်မှတ်ဖို့ သဘောတူခဲ့ပါတယ်။


ဒါ့အပြင် အစိုးရ၀န်ကြီးများအဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို ထောက်ရှုတဲ့အနေနဲ့ လုပ်ငန်းခွင်နေရာ ကန့်သတ်မှုတွေ ဖြေလျော့ပေးမယ်၊   တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားဟာ လုပ်ငန်းခွင်အတူတကွ ပြောင်းရွှေ့နိုင်ပြီး ဘယ်နေရာမဆို အတူပြောင်းရွှေ့ နေထိုင်နိုင်ဖို့ ဖြေလျော့ပေးမယ့်အကြောင်း ၀န်ကြီးများရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောပါတယ်။
ပြစ်ဒဏ်တွေပေးရာမှာ အရင်က အလုပ်ရှင်နဲ့ အလုပ်သမား တူညီတဲ့ပြစ်ဒဏ်အစား အမှုရဲ့အတိမ်အနက်ပေါ်မူတည်ပြီး ပြစ်ဒဏ်အကြီးအသေး ချမှတ်ဖို့လည်း သဘောတူခဲ့ပါတယ်။


အလုပ်ရှင်အနေနဲ့ အလုပ်သမားငှားရမ်းခွင့် ညွှန်ကြားချက်စာရရှိမှသာ ငှားရမ်းရမှာ ဖြစ်ပါတယ်။


အမြတ်ကြီးစားမှု၊ လူကုန်ကူးမှုတွေ ကာကွယ်တဲ့အနေနဲ့  အလုပ်ရှင်အနေနဲ့ အလုပ်သမား တွေထံမှ ကျန်းမာရေးအာမခံကြေး၊ အလုပ်သမားမှတ်ပုံတင်ကြေး၊ နိုင်ငံကူးလက်မှတ်ကြေး တွေကလွဲလို့ တခြားငွေကြေးတစုံတရာကိုမှ ဖြတ်တောက်ကောက်ခံခြင်းမပြုဖို့   အလုပ်သမားတွေရဲ့ စာရွက်စာတမ်းသက်သေအထောက်အထားတွေလည်း အလုပ်သမားတွေ သဘောမတူရင် သိမ်းဆည်းထားခြင်းမပြုဖို့၊ သိမ်းဆည်းထားရင်လည်း အလုပ်သမားတွေ လိုအပ်ပါက ချက်ချင်းထုတ်ပေးဖို့ ဌာနဆိုင်ရာတွေကနေတဆင့် ညွှန်ကြားသွားမယ်လို့လည်း ဆိုပါတယ်။


ထိုင်းစစ်ကောင်စီအစိုးရက ပုဒ်မ ၄၄ အာဏာနဲ့   ပြင်ဆင်ပြဌာန်းခဲ့တဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေဟာ ပြစ်ဒဏ်တွေ ပြင်းထန်လွန်းတာကြောင့် သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အမိနိုင်ငံကို ပြန်ကုန်ကြပါတယ်။

ဒါ့ကြောင့်အလုပ်သမားရှားပါးသွားပြီး ထိုင်းနိုင်ငံက ထောင်နဲ့ချီတဲ့ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ပိတ်ခဲ့ရသလို  စက်ရုံအလုပ်ရုံ တော်တော်များများလည်း ဘတ်သန်းနဲ့ချီ အရှုံးပေါ်ခဲ့ပါတယ်။

ကိုးကား -  မတီချွန်း ထိုင်းသတင်း Source https://www.matichon.co.th/news/865593

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013