မွန်နှင့်ကရင်ပဋိပက္ခအပေါ် နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးဖြေရှင်းမည်

ဖေဖော်ဝါရီလအတွင်း မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူ အောက်ခြေတပ်တို့ ထိတွေ့ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့အပေါ် နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြဖို့ရှိနေပါတယ်။
မွန်ပြည်သစ်ပါတီ အန်စီအေလက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရေးမြို့နယ်၊ ခေါဇာမြို့၊ မာန်အောင်ကျေးရွာ ရေးချောင်ဖျားဒေသမှာ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ အခုလ ၃ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးမှာ ထိတွေ့ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့တာပါ။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက “ပဋိပက္ခဖြစ်နေတဲ့အပေါ်မှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ ဆောင်ရွက်နေပါတယ်။ မနက်ကလည်း တိုင်းမှူးနဲ့ တွေ့တော့ ဒီကိစ္စကို အေးအေးချမ်းချမ်းနဲ့ဖြစ်အောင်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဟန့်အတား မဖြစ်စေရအောင် ပြည်သူလူထုတွေ စိုးရိမ်ကြောင့်ကျမှု မဖြစ်ရအောင် ပြောခဲ့ပါတယ်။ အမြန်ဆုံး တွေ့ဆုံဆွေးနွေးသွားမှာပါ '' လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်က ရေးမြို့၊ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ မွန်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ အပါအ၀င် နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် မတ်လ ၄ ရက်က ထပ်မံထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။
မွန်-ကရင်အရေးစောင့်ကြည့်လေ့လာသူ မင်းမင်းနွယ်က “ပစ်ခတ်မှုတွေက မဖြစ်သင့်တဲ့ကိစ္စပါ။ အောက်ခြေကနေဖြစ်လာတဲ့ သဘာဝသယံဇာတရဲ့ ကျိန်စာကြောင့်လို့ပဲ ဖြစ်တယ်။ နိုင်ငံရေးကြောင့်လို့တော့မမြင်ပါဘူး။ အရင့်အရင်ထဲက နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူခဲ့ကြတဲ့ မွန်ကရင်ညီညွတ်ရေးမူတွေ ချမှတ်ထားတာရှိပါတယ်။ ဒါကိုလိုက်နာကြမှ သာလျှင် အတူတကွ ရှင်သန်နေထိုင်လို့ရမှာပါ၊ အဲ့လိုမဟုတ်ရင် ဒေသတွင်း အခြေအနေ မတည် မငြိမ်ဖြစ်နေပြီးတော့ နိုင်ငံရေးအခြေအနေ အဖုအထစ်ဖြစ်နေဦးမှာဖြစ်လို့ ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့မူအတိုင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်''လို့ ပြောပါတယ်။
သတင်း - ၀င်းနိုင်သက်











