DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်မှုပိုင်း ကျေနပ်အားရမှုမရှိသေးဟု ရုပ်ရှင်သရုပ်ဆောင် လှယဉ်ကျေးပြော
DVB
·
March 7, 2018
သရုပ်ဆောင်မှုပိုင်း ကျေနပ်အားရမှုမရှိသေးဟု ရုပ်ရှင်သရုပ်ဆောင် လှယဉ်ကျေးပြော
Donate to DVB

ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်သစ် လှယဉ်ကျေးက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အပိုင်းကို အားရမှုမရှိဘူးလို့ ပြောပါတယ်။

“အားလုံးခြုံပြီး ကြည့်ရင်တော့ ညီမ သရုပ်ဆောင်ခဲ့ရတဲ့ အပိုင်းကို သိပ်တော့မကျေနပ်ဘူး။ ဘယ်ဇာတ်ဝင်ခန်းတွေမှာ ဘယ်လိုလေး ပြန်လုပ်လိုက်ရင် ကောင်းမလဲပေါ့။ ဒါပေမယ့် ဒါရိုက်တာကလည်း အဆင်ပြေမယ် ထင်လို့ လွှတ်လိုက်တာတာပါ။ သိပ်တော့ အားမရဘူး။ တချို့ဇာတ်ဝင်ခန်းတွေမှာ အသံပြန်သွင်းရတာ ရှိတယ်။ အဲဒီတုန်းက အသံပြန်သွင်းတာ လုံးဝ အတွေ့အကြုံမရှိဘူး။ တကယ့်ဇာတ်ဝန်ခန်းပေါ်မှာလည်း မဟုတ်တဲ့အတွက် မုက မတူဘူး ဖြစ်နေတယ်ပေါ့။ အသံပြန်သွင်းတော့ စာဖတ်နေသလိုပဲလို့ ခံစားရတယ်။ တချို့ ပြန်လုပ်ခွင့်ရရင် ပြန်သရုပ်ဆောင်ချင်တဲ့ အခန်းလေးတွေ ရှိပါတယ်”လို့ လှယဉ်ကျေးက ပြောပါတယ်။

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁၆ ရက်ကစတင်ပြီး JCGV ရုံကြီးတွေမှာ ပြသသွားမှာဖြစ်ပြီး၊ ဒီဇာတ်ကားထဲမှာ မျက်နှာသစ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇဏ်ခီ၊ လှယဉ်ကျေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။

ပရိသတ်တွေက စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဇာတ်ကားတကား ဖြစ်ပေမယ့်လည်း သရုပ်ဆောင်သစ် တယောက်ကို လက်ခံပေးပါ့မလားလို့ စိုးရိမ်နေတယ်လို့လည်း သူမက ပြောပါတယ်။

“ဒီဇာတ်ကားကို Audition နဲ့ လူရွေးတာဆိုတော့ ပိုပြီးထူးခြားတယ်။ Audition အတွက်ကိုလည်း ရင်ခုန်ရတယ်။ ကြိုးစားရတယ်။ Audition က နှစ်ခါဝင်ရတာကိုး။ ဝင်ရတဲ့ နှစ်ခါလုံးကလည်း သူတို့ ပေးလိုက်တဲ့ ဇာတ်ညွှန်းတွေကို ကြိုလေ့ကျင့်ရတာရှိတယ်။ အဓိကဇာတ်ဆောင်နေရာမှာဆိုရင် အကတခု ကတတ်ရမယ်။ ဒီအတွက်လည်း လေ့ကျင့်ရတာ ရှိတယ်။ ရွေးချယ်ပြီးနောက်မှာလည်း ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး လေ့ကျင့်ပေးတာ ရှိမယ်။ တောက်လျှောက်ကတော့ သင်နေရတယ်။ အားလုံး စဆုံးရိုက်ပြီးတဲ့ အချိန်ထိပဲ။ သရုပ်ဆောင်က မျက်နှာသစ် သရုပ်ဆောင်သစ်တွေ ဖြစ်နေတော့ မြင်နေကျ သရုပ်ဆောင်တယောက် မဟုတ်တဲ့အတွက်ကြောင့်တော့ သရုပ်ဆောင်ပိုင်းကို သိပ်မကြိုက်တာတော့ ရှိနိုင်တယ်။ တချို့ကကျတော့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကို လက်ခံ အားပေးကြတယ်။ တချို့ကျတော့လည်း သူတို့ မြင်နေကျ မဟုတ်တဲ့အတွက် မကြိုက်တာ ရှိမယ်။ အဲဒီဟာလေးကိုတော့ နည်းနည်းစိုးရိမ်ပါတယ်” လို့ ရှင်းပြပါတယ်။

သရုပ်ဆောင်သစ် လှယဉ်ကျေးအနေနဲ့ Miss Heritage International 2014 အလှမယ်ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်က အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ နောက်ခံတေးဂီတဆုကို ရရှိခဲ့တဲ့ “မောင့်အိမ်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း “မာလာဝေ” ဆိုတဲ့ ဗီလိန်ဇာတ်ကောင် နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။


သတင်း - ကြယ်စု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013