DVB Logo
Home
Lead Story
ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှုများနှင့်ပတ်သက်၍ ကေအန်ယူ ဗိုလ်မှူးကလယ်ဒိုနှင့် မေးမြန်းချက်
DVB
·
March 7, 2018
ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှုများနှင့်ပတ်သက်၍ ကေအန်ယူ ဗိုလ်မှူးကလယ်ဒိုနှင့် မေးမြန်းချက်
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လယ်မူပလောဒေသက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေအတွင်း အစိုးရစစ်တပ်က ဝင်ရောက်တပ်စွဲလာပြီးနောက်  ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ) ချုပ်ဆိုထားတဲ့ ကေအန်ယူ တပ်မဟာ-၅ ရုံးတာဝန်ခံ ဗိုလ်မှူးကလယ်ဒိုကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး-ဖာပွန်ခရိုင်ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားရတယ်။ အဲဒီအခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ “တိုက်ပွဲဖြစ်တယ်လို့တော့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင်တော့ အဲဒီ ဒီခေးပူနဲ့ လယ်မူပလော ခွင်ထဲမှာ အစိုးရစစ်တပ်ဘက်ကနေပြီးတော့ သူတို့ ဒီ ခေးပူနဲ့ လယ်မူပလောကြားမှာ အရင်က လမ်းဟောင်းတွေ ရှိတယ်။ သူတို့ ဖောက်ထားတာ ရှိတယ်။ ဒါပေမယ့် အဲဒီလမ်းကို သူတို့ပစ်ထားတာ ကြာပြီလေ။ အခုက သူတို့ ပြန်ဖောက်ဖို့ လုပ်လာတယ်။ လုပ်လာတော့ ကျနော်တို့ဆီ ခွင့်တောင်းတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ခွင့်မပေးဘူးလေ။ အဲဒီဟာကို ပြန်မဖောက်ဖို့ ကျနော်တို့ဘက်ကလည်း သူတို့ကို ပြောတယ်။ ဒါပေမယ့် မရဘူး။ သူတို့ကတော့ ဖောက်မှာပဲဆိုပြီးတော့ သူတို့အခု ဒီလမ်းကင်းတွေ သူတို့ ချထားတာပေါ့။ လမ်းကင်းတွေ ချထားတဲ့အပေါ်မှာ လမ်းရဲ့ ဟိုဘက် ဒီဘက် နေတဲ့ လူထုတွေက သူတို့ သွားသွားလာလာ သူတို့ တွေ့လို့ရှိရင် သူတို့ ပစ်တာပေါ့ အဲဒီလူထုကို။ သူတို့ ဒီလို ပစ်တဲ့အခါကတော့ လူထုတွေက ကြောက်လန့်ပြီးတော့ ပြေးတဲ့လူတချို့ ရှိတယ်။”

တချို့ အဲဒီဒေသတဝိုက်က လယ်မူပလောတို့၊ ချိုးပယ်ခိုတို့ စတဲ့ရွာတွေက ရွာသားတွေ ထွက်ပြေးကုန်ကြတယ်လို့ ပြောလို့ပြောပါတယ်။

ဖြေ။ “ဟုတ်ပါတယ်။ ချိုးပယ်ခိုရယ်၊ လယ်မူပလောရယ်၊ အဲဒီအနီးနားမှာရှိတဲ့ ရွာတွေပေါ့လေ။ ဒီအပစ်ခတ်ရပ်စဲရေးမတိုင်ခင်မှာ တခြားနေရာမှာ သွားနေပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက်ပိုင်းမှာ ပြန်နေတဲ့ရွာတွေပေါ့။ အဲဒီရွာတွေက အခုလိုအခြေအနေမျိုး ဖြစ်လာတဲ့အခါကျတော့ သူတို့ ကြောက်လန့်ပြီးတော့ ထွက်ပြေးသွားကြတာပေါ့။

ထွက်ပြေးသွားတဲ့ ဒေသခံ လူထုအင်အားက ဘယ်လောက်ရှိမယ်လို့ ပြောလို့ရမလဲ။

ဖြေ။  “အခုကတော့ တိတိကျကျ ပြောလို့မရဘူး။ ဒါပေမယ့် စာရင်းအရ ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီကွင်းထဲမှာ ရွာ ၈ ရွာလောက်ရှိတယ်။ လူဦးရေက ၁၅၀၀ ကျော် ရှိတယ်။”

ဒေသခံတယောက်ကို ကျမ မေးကြည့်တဲ့အခါမှာ မနေ့ကဆိုရင် တိုက်ပွဲ ၃ ကြိမ်ဖြစ်တယ်။ ဒီနေ့လည်း တကြိမ်ဖြစ်တယ် ပြောပါတယ်။ ဆိုတော့ ဘယ်သူတွေနဲ့ တိုက်ပွဲဖြစ်တာလဲ။

“တိုက်ပွဲဖြစ်တယ်ရယ်လို့တော့ မဟုတ်ဘူး။ သတင်းပေးတဲ့လူတွေက တိုက်ပွဲလို့ ပြောလာတော့ မသိဘူး။ ကျနော်တို့အနေနဲ့ကျတော့ တိုက်ပွဲရယ်လို့ မပြောသေးပါဘူး။ အဲဒီနေရာက သူတို့ ရွာသားတွေကို တွေ့တာနဲ့ သူတို့ပစ်လို့ အဲဒီလိုအဆင့်ပဲ ရှိတယ်။ ကျနော်တို့ တပ်မဟာ ၅ တပ်နဲ့ ထိတွေ့မှုတော့ တခါမှ မရှိသေးဘူးပေါ့။ ကေအန်အယ်အေနဲ့ မဖြစ်သေးဘူး။ အခုက ရွာသားကိုတွေ့လို့ ရွာသားကို ပစ်တဲ့အဆင့်ပဲ ရှိတယ်။”

ထိခိုက်ဒဏ်ရာရတာ ရှိလား။

ဖြေ။ “ထိခိုက်ဒဏ်ရာရတာတော့ ကျနော်တို့ မသိသေးဘူး။”

အဲဒီဒေသမှာ စစ်တပ်က တိုးချဲ့တယ်ဆိုတော့ ဘယ်နေ့ကစပြီး  တိုးလိုက်တာလဲ။

ဖြေ။ “မတ်လဆန်းကနေပြီး သူတို့ အင်အားတိုးလာတယ်။ တိုးလာတာက ဘယ်အဖွဲ့လဲ ဘယ်လောက်တိုးလဲ ဆိုတာတော့ ကျနော်တို့ တိတိကျကျ မရသေးဘူး။ ဒါပေမယ့် တိုးလာတာကတော့ တကယ်တိုးလာတယ်။ အရင်က ရှိထားတဲ့ တပ်တွေကတော့ တပခ လက်အောက်ခံ နည်းဗျူဟာ ၁၊ နောက်တခါ ခမရ ၅၅၆ နဲ့ ၅၆၀ အဲဒီမှာ ရှိထားတယ်။ တပ်တိုးလာတာကတော့ ဗျူဟာတခုလောက် ရှိတယ်လို့ ခန်းမှန်းတာပေါ့။”  

ဒီလမ်းကို ကေအန်ယူက ခွင့်မပြုတဲ့ကြားက ဒီလမ်းကို ဖောက်ဖို့ဆိုပြီး ထပ်တိုးလာတဲ့အပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့ အလားအလာ ရှိလား။

ဖြေ။ “အဲဒီအခြေအနေကျတော့ ကျနော်တို့ဘက်က အပစ်အခတ် ရပ်စဲရေးကာလမှာ တပ်က တဖက်နဲ့တဖက် လိုက်နာရမယ့်  စစ်စည်းကမ်းချက်တွေ ရှိတယ်လေ။ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က အထက်ကို တင်ပြတယ်။ ကျနော်တို့ကလည်း သူတို့ဘက်မှာ သဘောထား ဘယ်လိုရှိလဲဆိုတာ ကျနော်တို့လည် သိချင်တာပေါ့။  ကျနော်တို့ကတော့ သူတို့ကို ဒီလမ်း မဖောက်စေချင်ဘူး။ နောက်ကြောင်းမပြန်သွားစေချင်ဘူး။ အဲလိုအတင်းလုပ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကလည်း ဒီဒေသရဲ့ လုံခြုံရေးအတွက် ကျနော်တို့တာဝန်လည်း ရှိတာပေါ့။”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ တဖက်နဲ့တဖက် ဆွေးနွေးဖို့ရှိလား။

ဖြေ။ “တဖက်နဲ့တဖက်ကျတော့ ကျနော်တို့ ဒီလိုဖြစ်တဲ့အပေါ်မှာ  ကျနော်တို့ကတော့ အခု စာရေးပြီးတော့ တင်ပြလိုက်တယ်။ ညှိနှိုင်းဖို့ကျတော့ အထက်ကနေပြီးတော့ ဘယ်လို လမ်းညွှန်ပေးမလဲ။ JMC လည်း ရှိတယ်။ အဲဒီကော်မတီကလည်း သူတို့ ဘယ်လို လမ်းညွှန်ပေးမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ဖို့ပဲ လိုတာပေါ့နော်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013