DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ပေးပို့ထားသည့် လူစာရင်းပုံစံကြောင့် ပြန်လည်လက်ခံရေး အခက်ကြုံနေ
DVB
·
March 7, 2018
ဘင်္ဂလားဒေ့ရှ် ပေးပို့ထားသည့် လူစာရင်းပုံစံကြောင့် ပြန်လည်လက်ခံရေး အခက်ကြုံနေ
Donate to DVB

 

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေကို  ပြန်လည်လက်ခံဖို့ လုပ်ဆောင်နေရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားတဲ့ လူစာရင်းပုံစံတွေကြောင့် အခက်အခဲများစွာ တွေ့ကြုံနေရတယ်လို့ မြန်မာအစိုးရကဆိုပါတယ်။

နေရပ်စွန့်ခွာသူများစာရင်းကို နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့က ညှိနှိုင်းသဘောတူထားတဲ့ ပုံစံကို အသုံးမပြုဘဲ သီးခြားပုံစံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြုစုပေးပို့ခဲ့လို့  အခက်ကြုံနေရတာ ဖြစ်တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက မတ်လ ၆ရက်မှာ သတင်းထုတ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာတဲ့ပုံစံတွေဟာ နှစ်နိုင်ငံ သဘောတူထားတဲ့ပုံစံ မဟုတ်လို့  နေထိုင်ခဲ့ခြင်းရှိ၊ မရှိ စိစစ်ရာမှာ အခက်ကြုံနေရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စိစစ်ရာမှာ ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုမှု ဟုတ်၊ မဟုတ် စိစစ်လို့ မရနိုင်တာ၊ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာပါမည်ဖြစ်ကြောင်း ဝန်ခံလက်မှတ် မရရှိနိုင်တာ၊ ပုံစံပါအချက်အလက်များ မှန်ကန်ကြောင်း ကာယကံရှင် လက်မှတ်ရေးထိုးထားတဲ့ သို့မဟုတ် လက်ဗွေ ရိုက်နှိပ်ဖော်ပြထားတဲ့ အချက်အလက်မပါရှိတာ၊ မြန်မာနိုင်ငံအစိုးရက ထုတ်ပေးထားတဲ့ အရင်ကိုင်ဆောင်ခဲ့တဲ့ လက်မှတ်နဲ့ နံပါတ်တွေ ရှိ၊ မရှိ ဖော်ပြမထားလို့ မစိစစ်နိုင်တာ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီလိုအခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့က အတည်ပြုထားတဲ့ သဘောတူညီချက် နောက်ဆက်တွဲ ဖော်ပြပါပုံစံအတိုင်း ပြန်လည်ဖြည့်စွက်ပြီး သံတမန်လမ်းကြောင်းက ပြန်လည်ပေးပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက နှစ်နိုင်ငံ ပူးတွဲဆွေးနွေးပွဲအပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၆၇၃ စု ၊ လူဦးရေ ၈၀၃၂ ဦးရဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဘက်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတာ ဖြစ်ပြီး နေရပ်စွန့်ခွာသွားသူတွေ ဆန္ဒအလျောက် ဘေးကင်းစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့ မြန်မာကို နိုင်ငံတကာက တောင်းဆိုနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013