DVB Logo
Home
မေးမြန်းခန်း
အဓိကကတော့ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အားနည်းသေးတယ်
DVB
·
May 22, 2012
အဓိကကတော့ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အားနည်းသေးတယ်
1 / 2
Donate to DVB

ကေအန်ယူ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ခန့်နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်အောင် ဆောင်ကျဉ်းခဲ့တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်တချို့နဲ့ ထိုင်းနိုင်ငံမှာ မနေ့က အလွတ်သဘော တွေ့ဆုံပါတယ်။

[caption id="attachment_25722" align="alignleft" width="300" caption="ဒေါက်တာလဂျာ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

အရင်က ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ အောင်မြင်မှု မရသေးတဲ့ ဆွေးနွေးပွဲတွေကို ဦးအောင်မင်းက ဆက်လက် အကောင်အထည်ဖော် မှာ ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်က အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင် ၅၀ ကျော် ပါ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ခေါင်းဆောင် အနေနဲ့ ကေအိုင်အိုခေါင်းဆောင်တွေကို ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ပါတဲ့ ကေအိုင်အို အတွင်းရေးမှူး ဒေါက်တာ လဂျာကို မေးမြန်းထားပါတယ်။

ဒေါက်တာတို့ မနေ့က ဦးအောင်မင်းနဲ့ ဘာတွေများ ဆွေးနွေးခဲ့ကြသလဲဆိုတာ သတင်းထုတ်လို့ ရမလားဗျ။

“ဆွေးနွေးတာတော့ မပါဘူးဗျ။ ပြန်လည်အသစ်ဖွဲ့စည်းတဲ့ လုပ်ငန်းကော်မတီ ဆိုပြီး သူက ဒု-ဥက္ကဋ္ဌ ဆိုတော့ သူတယောက်တည်းပဲ ကော်မတီဝင်တောင် မပါဘူး။ မိတ်ဆက်လာတွေ့တဲ့ သဘောပါပဲ။ ကျနော်တို့က သူ့ကို ပြောလိုက်တယ်။ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့ ကိစ္စတွေကတော့ ဒီမှာ မဆွေးနွေးဘူး။ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်ဆိုတော့ လိုင်ဇာက ဗဟိုဌာနမှာပဲ ဆွေးနွေးမှာ ဖြစ်တဲ့ အကြောင်း ပြောလိုက်တယ်။”

ကေအိုင်အိုကနေ မတ်၊ ဧပြီလောက်ကတည်းက တွေ့ဖို့ ကမ်းလှမ်းထားတယ်မလား။ ဦးအောင်သောင်း က နုတ်ထွက်သွားတယ်ဆိုတော့ ပျက်သွားတာလား။ ဘယ်လိုမျိုးလဲ ရှင်းပြပါလားဗျ။

“အဲဒါကတော့ ပျက်သွားတဲ့သဘော ရှိတယ်။ သူမပါတော့ဘူး ဆိုတော့လေ။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ ဆိုပြီး ပြန်ဖွဲ့လိုက်တော့ သူ ဘယ်နေရာမှ မပါဘူးလို့ သိရတယ်။ အခု ပြန်ဖွဲ့စည်းတဲ့ လုပ်ငန်းကော်မတီ အသစ်နဲ့ပဲ ပြန်တွေ့ရမှာပေါ့။”

ဦးအောင်မင်းက အဓိက ဘာတွေ ပြောသေးလဲ။ သူတို့ လုပ်ငန်းကော်မတီတွေရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ရှင်းပြတာလားဗျာ။ မနေ့က။

“အဲလိုလဲ မဟုတ်ဘူးဗျ။  တခါမှ မတွေ့ကြသေးတော့ လာတွေ့ရင်း မိတ်ဆက်ရင်း ရင်းရင်းနှီးနှီး ဖြစ်သွားအောင်ပေါ့ဗျာ။ အဲဒီလိုမျိုးပါပဲ။”

မိတ်ဖြစ်ဆွေဖြစ် တွေ့ကြတာပေါ့နော်။

“အဲဒီသဘောပါပဲ။ နောက်တခုက အလွတ်သဘောပဲ ဖြစ်ဖြစ်၊ တရားဝင်ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ဘက် အခြမ်းမှာ တွေ့တဲ့အခါ သူစိမ်းတွေမဖြစ်အောင်ပေါ့။”

ကေအိုင်အိုဘက်ကရော ဘာတွေပြောလိုက်သေးလဲ။

“ကျနော်တို့ကတော့တခြား မပြောပါဘူး။ အခု ပြန်လည် ဖွဲ့စည်းလိုက်တဲ့ဟာကို ကျနော်တို့လည်း ကြိုဆိုပါတယ်။ အောင်မြင်အောင် ဆက်လက်ကြိုးစားဖို့။ ဒီလောက်ပါပဲ။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ ဘန်ကီမွန်းကို လဆန်းပိုင်းတုန်း က ပြောလိုက် တယ်။ ကေအိုင်အိုနဲ့ မကြာခင် ငြိမ်းချမ်းတော့မယ်လို့ ပြောခဲ့တော့ အခု ဦးအောင်မင်းနဲ့တွေ့တာ အဲ့ဒီခြေလှမ်း တလှမ်း တိုးလာပြီလို့ အန်ကယ်တို့ အကဲဖြတ်လို့ရလား။

“ဦးအောင်မင်းက တကြိမ်မက အကြိမ်ကြိမ်ပေါ့ဗျာ၊ အလွတ်သဘောနဲ့ အရင်ဖြစ်နိုင်ဖို့ ကို တွေ့ဆုံပြီး ကြိုးစားသွားမယ်လို့ ပြောတယ်။ ခြေလှမ်းတလှမ်းရယ်လို့လည်း ပြောလို့လည်း ရတာပေါ့။”

အခုဆိုရင် ကေအိုင်အိုနဲ့ မဟာမိတ်တွေဖြစ်ခဲ့တဲ့ ကေအန်ယူတို့၊ ကေအန်ပီပီိတို့၊ ဒီကေဘီအေ စသည်ဖြင့် အဲ့ဒီအဖွဲ့တွေအားလုံး အားလုံးက ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးတွေ ရပြီ။ ကေအိုင်အိုတခုတည်း ကျန်နေတာက တချို့ သုံးသပ်သူတွေက ပြောတယ်။ ကေအိုင်အိုက သဘောထားတင်းမာတယ်၊ ခေါင်းမာတယ် ဆိုတဲ့ အမြင်မျိုးတွေအပေါ်မှာ အန်ကယ်တို့ ဘာများပြောချင်ပါသလဲ။

“သက်သက်မဲ့ အပြစ်ရှာကြစတမ်းဆိုရင် အဲ့လိုပဲ ပြောကြမှာပေါ့။ ဒါပေမယ့် ကေအိုင်အိုဘက်က လည်း ပြောဖို့အများကြီးရှိတာပေါ့။ အဓိကကတော့ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အားနည်းသေးတယ်ဗျ။ တပ်ပိုင်းဆိုင်ရာတွေမှာလည်း ယုံကြည်မှုရရှိအောင် တည်ဆောက်ရမယ်။ ဦးစွာ ဆွေးနွေးရမယ့် ကိစ္စတွေပေါ့။ အဲ့ဒါဆိုရင်တော့ ကောင်းသွားမယ် ထင်ပါတယ်။”

အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီမှာ လုပ်ရမယ့် အလုပ်တွေထဲမှာ နိုင်ငံရေးပါတီတွေဖွဲ့ပြီး လွှတ်တော်မှာ စကားပြောဖို့ဆိုတဲ့ အချက် ပါတော့ အန်ကယ်တို့ရော ဒါနဲ့ပတ်သက်လို့ ဘယ်လိုမျိုး သဘောထားလဲ။

“ဒါကတော့ ပြန်လည်တွေ့ဆုံကြမှ ဆွေးနွေးကြရမယ့် ကိစ္စတွေဖြစ်တယ်။ ကြိုတင်ပြီးတော့ ဘာမှပြောစရာတော့ မရှိသေးပါဘူး။”

ဦးအောင်မင်းတို့နဲ့ ဘယ်အချိန်လောက် ထပ်တွေ့ဖို့ ရှိသေးလဲ။

“အဲ့ဒါလည်း မသတ်မှတ်ရသေးဘူး။ နေရာတို့ အချိန်တို့က ဗဟိုကပဲ အကျိုးဆောင်တွေကတဆင့် ဆက်သွယ်ကြပြီး သိရမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013