DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကာလ ရဲတပ်ဖွဲ့ဝင် ၁၈၀၀ နီးပါးချကာ လုံခြုံရေးတင်းကျပ်မည်
DVB
·
March 7, 2018
ဧရာဝတီတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကာလ ရဲတပ်ဖွဲ့ဝင် ၁၈၀၀ နီးပါးချကာ လုံခြုံရေးတင်းကျပ်မည်
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီးမှာ တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း စာစစ်ဌာနတွေမှာ ရဲအင်အား ၁၈၀၀ နီးပါးလောက်နဲ့ လုံခြုံရေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး ညအချိန်တွေမှာလည်း ရှောင်တခင်စစ်ဆေးမှုတွေနဲ့ လုံခြုံရေး တင်းကျပ်သွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးခင်မောင်လတ်က “ကျောင်းသား ကျောင်းသူတွေ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ဖို့နဲ့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ လုံခြုံမူအပြည့်နဲ့ စိတ်ချမ်းသာစွာ ဖြေဆိုနိုင်ဖို့ ရည်ရွယ်ပါတယ်. ဖြေဆိုဖို့ လာရောက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဖြေဆိုပြီး ပြန်တဲ့အခါမှာပဲဖြစ်စေ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစွာနဲ့ ချောချောမွေ့မွေ့ ဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြို့နယ် ၂၆ မြို့နယ်က စာစစ်ဌာန ၂၄၈ ခုမှာ ရဲတပ်ဖွဲ့ဝင် ၁၄၆၇ ဦးကို လုံခြုံရေးတာဝန်ပေးထားပြီး ယာဉ်ထိန်းရဲ ၃၃၆ ဦးကလည်း ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စာမေးပွဲကာလတလျှောက်လုံး လုံခြုံရေးကိုတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မီးသတ်ဦးစီးဌာနနဲ့ NGO တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စာမေးပွဲ ဖြေဆိုနေချိန်အတွင်းမှာလည်း မီးလန့်မှုနဲ့ တခြား အရေးပေါ်ကိစ္စတွေအတွက် ရဲတပ်ဖွဲ့ အရန်သင့်ထားရှိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်းမှာ အရက်ဆိုင်တွေ သတ်မှတ်ချိန်အတိုင်း ပိတ်သိမ်းဖို့နဲ့ အသံချဲ့စက် ဖွင့်တာတွေကို မပြုလုပ်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြားထားပြီး ညဘက်မှာလည်း အော်ဟစ်ဆူပူမှုတွေ ရှိပါက ရဲတပ်ဖွဲ့က လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ အရေးယူနိုင်ဖို့ ညွန်ကြားထားတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၆ ရက်နေ့အထိ ကျင်းပမယ့် ၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက စာစစ်ဌာန ၂၄၈ ခုမှာ ကျောင်းသား ကျောင်းသူပေါင်း ၈ သောင်းနီးပါး ဝင်ရောက်ဖြေဆိုမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013