DVB Logo
Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံ
DVB
·
March 6, 2018
ထိုင်းဝန်ကြီးချုပ် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံ
1 / 5
Donate to DVB
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ကျန်အိုးချားနဲ့  အစိုးရအဖွဲ့က တာဝန်ရှိသူတွေ ဟာ မတ်လ ၅ ရက်က ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်နယ်မြေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ ယမန်နေ့ မနက် ၈ နာရီကျော်က မဟာချိုင်ရှိ အလုပ်သမား အခွင့်အရေးမြှင့်တင်ရေးကွန်ရက်အဖွဲ့ (LPN)ရုံးကို ရောက်ရှိလာပြီး အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ၁ နာရီလောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခိုက် အလုပ်သမားတွေဘက်က အဓိကလိုအပ်ချက် ၄ ချက်ကို တင်ပြခဲ့တယ်လို့ (LPN) ကွန်ရက်တာဝန်ခံ ဦးစူရချိုင်းမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ဝန်ကြီးချုပ်က ကျနော်တို့ ရုံးခန်းထဲမှာတော့ စက်ရုံအလုပ်ရုံနဲ့ ရေလုပ်ငန်းက အလုပ်သ မား ကိုယ်စားလှယ်တချို့နဲ့ပဲ တွေ့ဆုံပါတယ်။ ကျနော်တို့ဘက်က ဘာတွေတင်ပြခဲ့လဲဆိုတော့ ခြုံပြီးပြောရရင် ၄ ချက်ရှိပါတယ်။ တစ်အချက်က ရွှေ့ပြောင်းအလုပ်သမားမိဘက မွေးဖွားလာတဲ့ သားသမီးနဲ့ မှီခိုသူတွေရဲ့ အခက်အခဲ၊ သူတို့ကို နေထိုင်ခွင့်အထောက်အထား မှတ်ပုံတင်ခွင့်ပြုဖို့နဲ့  အဲဒီကလေး တွေရဲ့ ပညာရေးကိစ္စ၊ ကျန်းမာရေး အာမခံလုပ်ခွင့်ရရေးတွေေ ပါ့။ နှစ်အချက်က အလုပ်သမား အတွက် သက်သေခံကတ်ပြားတွေလုပ်တဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေပါ။ အစိုးရဥပဒေက ပြဌာန်းတာကတမျိုး၊ အောက်ခြေမှာတမျိုး၊ ကုန်ကျစရိတ်က သတ်မှတ်ကြေးထက်ပိုကုန်တာတွေ၊ ၀န်ထမ်းတွေက တာဝန်ပေါ့လျော့တာတွေ တင်ပြတယ်။ လုပ်ငန်းခွင်မှာဒဏ်ရာရတဲ့သူတွေပေါ် တာဝန်ယူ ကူညီဆောင်ရွက်ပေးမှုတွေ ကြန့်ကြာနေတာ တင်ပြတယ်။”
ဒါ့အပြင် သုံးအချက်မှာ လူကုန်ကူးခံရရတဲ့ အလုပ်သမားတွေ၊ အထူးသဖြင့် ရေလုပ်သား တွေအနေနဲ့ သက်ဆိုင်ရာကိုတိုင်တန်းပြီး အလုပ်ရှင်နဲ့ အမှုအခင်းဖြစ်ရင် မာဖီးယား ဆန်ဆန်တွေ ရဲ့ ခြိမ်းခြောက်မှု၊ အလုပ်ရှင်ကိုယ်တိုင်က နယ်မြေထဲမှာ အာဏာရှိသူဖြစ်နေတော့ အမှုတွေ ကြန့်ကြာတဲ့ကိစ္စ၊ ထိထိရောက်ရောက်အရေးယူမှု မရှိတဲ့ကိစ္စတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးအချက်ကတော့ အလုပ်သမားတွေအနေနဲ့ အခွင့်အရေးချိုးဖောက်ခံရပြီး  အမှု ရင်ဆိုင်ဆဲ ကာလမှာ ခေတ္တနားခိုဖို့ နဲ့ စားရေးသောက်ရေးကိစ္စ ကူညီဖို့ (LPN) ဖောင်ဒေးရှင်းမှ အဆောက်အဦဆောက်လုပ်ရာမှာ ဂျပန်သံရုံးရဲ့အထောက်အပံ့ကိုရယူခဲ့ကြောင်း တင်ပြခဲ့တယ် လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ကလည်း အဲဒီကိစ္စမှာ ထိုင်းအစိုးရအနေနဲ့ ဘတ်ငွေ ၃ သန်းကူညီမယ်လို့ ပြော ဆိုခဲ့ကြောင်း၊ အထက်ပါ ပြဿနာတွေလည်း တတ်နိုင်သလောက်ဖြေရှင်းပေးမယ်၊ ဒါပေမယ့် အန်ဂျီအိုအဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့တွေအနေနဲ့ အစိုးရကို အတိုက်အခံမလုပ်ဘဲ ပြဿနာ ပူးပေါင်းဖြေရှင်းဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဟာ ဆွေးနွေးခန်းထဲမ၀င်ခင် အပြင်မှာ ရွှေ့ပြောင်းလုပ်သားကိုယ်စားလှယ်နဲ့ ထိုင်းကျောင်းတက်နေတဲ့ ရွှေ့ပြောင်းလုပ်သားကျောင်းသူကျောင်းသားတွေ၊ လုပ်ငန်းခွင်မှာ ထိခိုက် ဒဏ်ရာရခဲ့သူတွေနဲ့ တွေ့ဆုံပြီး အလုပ်သမားကတ်နဲ့ နိုင်ငံသားစိစစ်ရေးတွေ သတ်မှတ်ထားတဲ့ အချိန်တွင်းလုပ်ဆောင်ဖို့၊ သတ်မှတ်တဲ့ရက်ကုန်ဆုံးရင် အထောက်အထား မရှိသူတွေ စစ်ဆေး အရေးယူသွားမယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ပင်လယ်စာထုတ်လုပ်ရေးစက်ရုံ၊ ရေလုပ်ငန်းနဲ့ ငါးဖမ်းလှေ အခြေ အနေတွေ၊ ရွှေ့ပြောင်း အလုပ်သမားကတ်လုပ်ပေးနေတဲ့ One Stop Service စင်တာကိုလည်း သွားရောက်စစ်ဆေးခဲ့ပါတယ်။
OSS စင်တာမှာ အလုပ်သမားကတ်နဲ့ နိုင်ငံသားစိစစ်ဆေးဝန်ဆောင်မှုပေးနေတဲ့ စနစ် နှောင့်နှေးကြန့်ကြာတွေ့ရှိလို့ ၀န်ကြီးချုပ်က အောက်ခြေ၀န်ထမ်းတွေကို ဆူပူခဲ့ပြီး လိုအပ်တဲ့ စက်တွေ အမြန်ဆုံးဖြည့်စွက်တပ်ဆင်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။  
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013