DVB Logo
Home
မြန်မာသတင်း
စပါးတင်း ၁၀၀ ကို ကျပ်ငွေ ၅ သိန်းနှုန်း အခြေခံထားဝယ်ယူရန် သတ်မှတ်ကြေညာ
DVB
·
March 6, 2018
စပါးတင်း ၁၀၀ ကို ကျပ်ငွေ ၅ သိန်းနှုန်း အခြေခံထားဝယ်ယူရန် သတ်မှတ်ကြေညာ
Donate to DVB

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင်ဆန်စက်တွေ၊ ဆန်ကုန်သည်တွေ၊ အကျိုးဆောင်တွေ အနေနဲ့ အရည်သွေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ကျပ်ငွေ ၅ သိန်းနှုန်းအခြေခံထား ဝယ်ယူရမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြေညာပါတယ်။

မတ်လ ၆ ရက်နေ့ နေပြည်တော်ရှိ MICC 2 အဆောက်အအုံမှာ ကျင်းပတဲ့ မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ဆွေးနွေးပွဲ ၂၀၁၈ အခမ်းအနားမှာ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ကြေညာလိုက်တာပါ။

“သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် ကျပ်ငွေ ၅ သိန်းနှုန်းနှင့် ဝယ်ယူပေးရန် ထုတ်ပြန်အသိပေးအပ်ပါသည်။ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်းအပေါ်တွင် ဖြစ်ပေါ်နေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး အကယ်လို့ ဈေးကွက်ပေါက်ဈေးသည် အခြေခံနှုန်းအောက် ကျဆင်းဖြစ်ပေါ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခြေခံဆန်ဈေးနှုန်းသတ်မှတ်ချက်ကြောင့် စပါးပေါ်ချိန်တွေမှာ ကုန်သည်တွေရဲ့ ဈေးနှိမ်ဝယ်ယူနေမှုတွေကို အဟန့်အတားဖြစ်စေမှာကြောင့် ဝမ်းသာမိတယ်လို့ မြန်မာ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲတက်ရောက်လာတဲ့ တောင်သူတွေက ပြောပါတယ်။

ဆွေးနွေးပွဲတက်ရောက်လာတဲ့ ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတစ်ဦးက “သိသာတဲ့ အပြောင်းအလဲကြီးတော့ဖြစ်မသွားဘူး။ ဒါပေမယ့် အသက်ရှူတော့ နည်းနည်းချောင်သွား တာပေါ့။ အခုလို စပါး ၁၀၀ ကို ငါးသိန်းသတ်မှတ်လိုက်တော့ ဈေးနှိမ်ဝယ်လို့တော့ မရတော့ဘူး ပေါ့။ ဒါပေမယ့် သတ်မှတ်ချက်တွေ ရှိနေသေးတော့ သက်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိလို့ဆိုပြီး ဝယ်လက်တွေက ဈေးနှိမ်ဝယ်တာမျိုးတော့ ရှိလာနိုင်တယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်လိုက်တဲ့ အခြေခံစပါးဈေးနှုန်းအတိုင်း စပါးပွဲစားတွေက မဝယ်ယူဘဲ ဈေးနှိမ်ဝယ်ယူတာတွေလုပ်လာပါက ဝန်ကြီးဌာနကဝယ်ယူေ​ပးမယ် လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ အခြေခံစပါးဈေးနှုန်းကိုတော့ တောင်သူတွေရဲ့ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်၊ အမြတ်ငွေ၊ ပြည်တွင်းဈေးနှုန်း၊ နိုင်ငံတကာဈေးနှုန်းတို့ကို အခြေခံတွက်ချက်ပြီး ရာသီအလိုက် ထုတ်ပြန်သွားမယ်လို့ ဆိုသည်။

အခု သတ်မှတ်တာဟာ ၂၀၁၈ နွေစပါးနဲ့ မိုးစပါးတွေအတွက်ဖြစ်ပြီး ပေါ်ဆန်းနဲ့ အထူး ဧည့်မထအုပ်စု စပါးတွေဟာ လက်ရှိမှာ တင်း ၁၀၀ ကို ၇ သိန်းကနေ ၁၀ သိန်းကျော် အထိရှိပြီး အဲဒီစပါးတွေကိုတော့ ပေါက်ဈေးအတိုင်းဝယ်ရမယ်လို့လည်း ဆိုပါတယ်။

အခုသတ်မှတ်ချက်ဟာ အနိမ့်ဆုံး အခြေခံဈေးနှုန်း ဖြစ်တာကြောင့် ဈေးကွက်ပေါက်ဈေး ဟာ အခြေခံနှုန်းထက် လျော့နေရင်လည်း ၅ သိန်းအောက် လျှော့မဝယ်ဖို့၊ ပေါက်ဈေးက အခြေခံနှုန်းထက် မြင့်တယ်ဆိုရင်တော့ ပေါက်ဈေးနဲ့ဝယ်ရမယ်လို့ ဖော်ပြထားပါတယ်။

စပါးပေါ်ချိန်မှာ ဈေးကျလေ့ရှိတာကြောင့် လုပ်ကွက်ငယ်လယ်သမားတွေအတွက် အခုလို ဈေးနှုန်းသတ်မှတ်ပေးတာလို့ ဆိုပါတယ်။

ပြီးတော့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေနဲ့ ပုဂ္ဂလိက ကုန်သည်စက်ပိုင်တွေ၊ ကုမ္ပဏီတွေကို စည်းရုံးပြီး ပြည်တွင်းပြည်ပဈေးကွက်ကို ပိုပြီး ပို့နိုင်ရေး ဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် ပြည်တွင်း ဆန်ဈေးနှုန်း တည်ငြိမ်အောင်လုပ်ဆောင်ဖို့နဲ့  ဆန်ကို နိုင်ငံအတွက် အကျိုးအမြတ်ရရှိစေမယ့် ပြည်ပပို့ကုန်ပစ္စည်းတစ်ခု၊ စီးပွားရေးလက်နက်တစ်ခုအနေနဲ့ ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အခမ်းအနားမှာ တိုက်တွန်းပြောသွားပါတယ်။

လက်ရှိဘဏ္ဍာနှစ်မှာ  နှစ်ပေါင်း ၇၀ အတွင်း ဆန်တန်ချိန် ၃ သန်းကျော် စံချိန်တင် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီလို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013