မီတာစနစ် (၄) မျိုး ဧပြီလစတင် ခွဲခြားသတ်မှတ်ကောက်ခံမည်

လျှပ်စစ်မီး ပိုမိုသုံးစွဲနိုင်ဖို့ရည်ရွယ်ပြီး အစိုးရက ဧပြီလကစလို့ မီတာစနစ် (၄) မျိုးခွဲခြား သတ်မှတ် ကျင့်သုံးကောက်ခံသွားဖို့ရှိနေပါတယ်။
ပြောင်းလဲကျင့်သုံးတော့မယ့် မီတာစနစ် ၄မျိုးနဲ့ပတ်သက်ပြီး မတ်လ ၁၄ရက်မှာ တရားဝင်အသိပေး ထုတ်ပြန်ပေးမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။
“မီတာစနစ် ၄ မျိုး ပြောင်းမှာနဲ့ပတ်သက်ပြီး နေပြည်တော်မှာ အခုလ ၁၄ ရက် ကျရင် ထုတ်ပြန်ပေးမှာပါ။ မီဒီယာတွေကိုဖိတ်ပြီး ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်ပါတယ်”
ကျေးလက်က လျှပ်စစ်သုံးတဲ့သူတွေအတွက်က ဈေးချိုတဲ့မီတာ၊ မြို့ငယ်လေးတွေအတွက် အိမ်သုံးမီတာ၊ မြို့ကြီးတွေမှာ အဲကွန်းသုံးတဲ့အိမ်တွေအတွက် မီတာတမျိုးနဲ့ စက်မှုသုံးမီတာ ဆိုပြီး မီတာစနစ် ၄ မျိုး သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ်။
လျှပ်စစ်မီးသုံးစွဲသူပြည်သူလူထုအနေနဲ့ မီတာ အမျိုးအစား ၄ မျိုး ရှိတဲ့အထဲက ကြိုက်နှစ်သက်ရာသုံးလို့ရပြီး ရွေးချယ်ခွင့်ရှိမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မီတာ ၄ မျိုးစနစ်ပြောင်းကောက်ခံမှာနဲ့ပတ်သက်ပြီး ဈေးတော်တော်သက်သာသွားမယ်။ နှစ်သောင်းခွဲ သုံးသောင်း ဝန်းကျင် လောက်ပေါ့။ လူထုအတွက် မီတာနဲ့ ပတ်သက်လို့ အတော်လေးအဆင်ပြေသွားမယ်လို့ နိုင်ငံပိုင်မီဒီယာနဲ့ မေးမြန်းခန်းမှာ ပြောထားပါတယ်။
မကြာသေးခင်က တောင်ကြီးမြို့မှာကျင်းပတဲ့ အစည်းအဝေးမှာလည်း ၀န်ကြီးက လျှပ်စစ်ကဏ္ဍမှာ ထုတ်လုပ်ရေးအပိုင်း၊ သယ်ယူပို့ဆောင်ပေးရေးအပိုင်းနဲ့ သုံးစွဲသူတွေထံသို့ ဈေးနှုန်းချိုသာစွာနဲ့ အရည်အသွေးပြည့်မီစွာ ဖြန့်ဖြူးပေးရတဲ့ အပိုင်း(၃)ပိုင်းခွဲခြား ဆောင်ရွက်နေတယ်။ နိုင်ငံလျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၃၉ ရာခိုင်နှုန်းလောက်သာ ထုတ်လုပ်ပေးနိုင်သေးပြီး တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ ၄၅၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိထုတ်လုပ်နိုင်မှုမှာ ၃၂၀၀ မဂ္ဂါဝပ်ခန့်ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။
နိုင်ငံတွင်းမှာ နောင် ၂-၃နှစ်ခန့်အတွင်း လိုအပ်လာမယ့် မဂ္ဂါဝပ် ၃၀၀၀ ကို ဖြည့်ဆည်း နိုင်ဖို့ LNG သဘာဝဓာတ်ငွေ့ရည်နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ကာလတိုအတွက် ရွေးချယ်ဆောင်ရွက်ဖို့လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စီစဉ်နေပါ တယ်။











