
ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ကလေးတယောက် မွေးပြီးပြီးချင်း ခိုးယူခံလိုက်ရတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်နေ ကိုအံ့ဇော်ရဲ့ ဇနီး မချောဖြူ(ခ)ချောစုနိုင်ဟာ မတ်လ ၅ ရက်မနက် ၂ နာရီမှာ ဗိုက်နာလာလို့ မြောက်ဥက္ကလာပဆေးရုံကြီးကို သွားရောက်ပြီး သားဖွားမီးယပ်ဆောင်မှာ သားတယောက် မွေးဖွားခဲ့ပါတယ်။
ကလေးကို မွေးကင်းစကလေးဆေးကုသဆောင်ကို သွားရောက်ပြသရမှာ ဖြစ်လို့ ကိုအံ့ဇော်က ဇနီးဖြစ်သူရဲ့ ခုတင်ကို သွားခေါ်ဖို့ လုပ်နေတုန်းမှာ အမျိုးသားတွေ ဝင်မရလို့ သားဖွားမီးယပ်ဆောင်ရှေ့မှာ တွေ့ရတဲ့ အမျိုးသမီးတယောက်ကို အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် ကလေးကိုယူပြီး အဲဒီအမျိုးသမီးနဲ့အတူ ဆေးကုဆောင်ကိုသွားပြရာမှာ ဆေးမှတ်တမ်း မပါတာ၊ ကလေးက နို့ဆာလို့ ငိုနေတာကြောင့် မိခင်ဖြစ်သူရဲ့ ကုတင်ကို ပြန်လာပို့ခဲ့ပါတယ်။
ကလေးကို မိခင်က နို့်တိုက်နေချိန်မှာ ကိုအံ့ဇော်က အပေါ့သွားပြီး ပြန်လာချိန်မှာတော့ ကလေးကို မတွေ့ရတော့ဘဲ မေးမြန်းကြည့်ရာမှာတော့ ကိုအံ့ဇော်နဲ့ အတူပါလာတဲ့ အမျိုးသမီးကို ဆေးစာအုပ်တွေနဲ့အတူ ကလေးကို ထည့်ပေးလိုက်တာကြောင့် ကိုအံ့ဇော်က လိုက်ကြည့်ရာမှာ အမျိုးသမီးရော ကလေးကိုပါ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။
ကလေးငယ်ကို ခိုးယူသွားတဲ့ အမျိုးသမီးကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှာ လူခိုးမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၆၃နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။











