DVB Logo
Home
မြန်မာသတင်း
FDA ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ခဲ့သူအား ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို
DVB
·
March 5, 2018
FDA ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ခဲ့သူအား ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို
Donate to DVB

FDA ဝန်ထမ်းအမျိုးသမီး အဓမ္မပြုကျင့် အသတ်ခံရမှုအတွက် နောက်ထပ် အလားတူ ဖြစ်ရပ်တွေ မဖြစ်အောင် ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးစေလိုတယ်လို့ မရွှေရည်ဝင်းရဲ့ မိသားစုဝင်တွေက မတ်လ ၅ ရက်နေ့ ရုံးချိန်းမှာ တောင်းဆိုပါတယ်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က အသက် ၂၅ နှစ်အရွယ် ဒုဦးစီးမှူး မရွှေရည်ဝင်း အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ မတ်လ ၅ ရက်နေ့က တရားလိုသက်သေ ရဲအရာရှိ လေးဦးကို စတင်စစ်ဆေးတဲ့ ရုံးချိန်းမှာ မိသားစုဝင်တွေက ခုလိုပြောဆိုလိုက်တာပါ။

မရွှေရည်ဝင်းရဲ့ ဦးလေးတော်စပ်သူက “သေဒဏ်ပေးဖို့ တောင်းဆိုနေကြတာတွေ ကြားသိရပါတယ်။ နောက်ထပ် အလားတူ ဒါမျိုးတွေ ထပ်မဖြစ်အောင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးသင့်ပါတယ်” လို့ ပြောပါတယ်။

ဒီရုံးချိန်းကို မရွှေရည်ဝင်းရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဖခင်၊ အစ်မနဲ့ ဦးလေးတို့အပြင် သေဒဏ်ပေးဖို့ တောင်းဆိုနေတဲ့ အမျိုးသမီးအဖွဲ့တွေလည်း လာရောက်နားထောင်ခဲ့ပါတယ်။ ရုံးချိန်းမှာတော့ တရားလိုသက်သေတွေဖြစ်တဲ့ ရဲအရာရှိတွေကို စတင်စစ်ဆေးခဲ့ပါတယ်။

တရားစွဲဆိုခံထားရတဲ့ မျိုးဇော်ဦးကတော့ ရှေ့နေမငှားနိုင်တဲ့အတွက် အစိုးရစရိတ်နဲ့ ငှားရမ်းပေးထားတဲ့ အစိုးရရှေ့နေ ဦးမောင်မောင်စိုးနဲ့ သူ့ဇနီးတို့က မျိုးဇော်ဦးဘက်က ရှေ့နေအဖြစ် တရားလိုသက်သေတွေကို စစ်ဆေးခဲ့ပါတယ်။

တရားစွဲခံထားရတဲ့ မျိုးဇော်ဦးရဲ့ရှေ့နေ ဦးမောင်မောင်စိုးက "ခေတ်အခါက မုဒိမ်းမှု လူသတ်မှုတွေ များနေတယ်။ မုဒိမ်းမှုတွေကိုလည်း ပြစ်ဒဏ်ပေးဖို့ တောင်းဆိုနေကြချိန်မှာ ကိုယ်က တရားခံဘက်က အငှားခံရတော့ တရားခံကို ပြစ်မှုသက်သာအောင် အစွမ်းကုန် လုပ်ပေးရတော့မှာပေါ့။ လောလောဆယ် စစ်ဆေးပေါ်ပေါက်ချက်တွေအရတော့ မျိုးဇော်ဦးက လူသတ်မှု ကျူးလွန်တာမှန်ပေမယ့် လူသေမှုနဲ့ပြောင်းအောင် ကြိုးစားစစ်ရတာပေါ့။ ဥပဒေဘောင်အတွင်းကပေါ့။ ဒီနေ့ စစ်ကြည့်တဲ့နေရာမှာပေါ့"လို့ ပြောပါတယ်။

ဒါ့ပြင် မျိုးဇော်ဦးကို သေဒဏ်ပေးဖို့တောင်းဆိုတာဟာ လူ့အခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိမှာ တရားစွဲခံထားရတဲ့ အငှားယာဉ်မောင်း မျိုးဇော်ဦးကို လူသတ်မူ ပုဒ်မ ၃၀၂၊ မုဒိမ်းမှု ၃၇၆ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှု ပုဒ်မ ၃၇၇၊ လုယက်မှု ပုဒ်မ ၃၉၄ တို့နဲ့ တရားစွဲဆိုပြီး အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးနေပါတယ်။

တရားစွဲဆိုခံထားရတဲ့အဌားယာဉ်မောင်းမျိုးဇော်ဦးဟာပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်က လှည်းတန်းလမ်းဆုံကနေ ဒဂုံမြို့နယ်ကို ကားငှားတဲ့ မရွေရည်ဝင်းကို ငွေကျပ် ၂၅၀၀ နဲ့ သဘောတူလိုက်ပို့ခဲ့ပြီးတော့ ကားအတွင်းအဲကွန်းဖွင့်ပေးရလို့ ငွေကျပ်တစ်ထောင်ပိုတောင်းရာက နေ စကားများခဲ့ပြီးတော့ မရွှေရည်ဝင်းလည်ပင်းကို ၀က်အူလှည့်နဲ့ထိုးပြီး မုဒိန်းကျင့်ပစ္စည်းလုယူခဲ့ တယ်လို့ ရဲတပ်ဖွဲ့ကစစ်ဆေးပေါ်ပေါက်ပြီး သတင်းထုတ်ပြန်ထားပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူအချို့က တရားစွဲဆိုခံထားရတဲ့ မျိုးဇော်ဦးကို သေဒဏ်ပေးဖို့ ရုံးချိန်းတိုင်းမှာ တောင်းဆိုနေသလို တရားစီရင်ရေးကိုလည်း လူအများ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် တရားခွင်ကလွဲရင် တရားစွဲဆိုခံထားရတဲ့ မျိုးဇော်ဦးကိုတော့ ရုံးထုတ်ရာမှာ မီဒီယာကိုရော ပြည်သူတွေကိုပါ တွေ့ခွင့်မရအောင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013