DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီစံနှင့်မညီသည့် ငြိမ်းစုစီဥပဒေကို ပယ်ဖျက်ပေးရန် တောင်းဆို
DVB
·
March 5, 2018
ဒီမိုကရေစီစံနှင့်မညီသည့် ငြိမ်းစုစီဥပဒေကို ပယ်ဖျက်ပေးရန် တောင်းဆို
Donate to DVB

 

ငြိမ်းစုစီဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းဟာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့မညီတဲ့အတွက် ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၈၂ ဖွဲ့နဲ့ တသီးပုဂ္ဂလပုဂ္ဂိုလ် ၁၆ ဦးတို့က သဘောထား ထုတ်ပြန်တောင်းဆိုပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီမိုကရေစီစံချိန်စံညွှန်းနဲ့မညီတဲ့ ပုဒ်မ ၃ ခုကို ပယ်ဖျက်ပေးဖို့ မတ်လ ၅ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင်ဆိုသည့် ပုဒ်မ (၂) ကန့်သတ်ချက်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၅၄) တွင် ပြဋ္ဌာန်းပါရှိပြီး ယနေ့တိုင် ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီအချက်ဟာ လက်ရှိငြိမ်းစုစီဥပဒေနဲ့ ထပ်ပြီးပြင်ဆင်မယ့် ဥပဒေတို့မှာ ပိုတင်းကျပ်အောင် ထည့်သွင်းဖို့ ကြိုးစားနေတာ ပေါ်လွင်နေတဲ့အတွက်ကြောင့် ပြင်ဆင်ချက် မူကမ်းထဲကနေ ပယ်ဖျက်သင့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်း အဓိပ္ပာယ် တိတိကျကျ ဖွင့်ဆိုပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ပုဒ်မ (၃) ရဲ့ပြင်ဆင်ချက်ကတော့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်၊ ဒါ့အပြင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြချင်သူတွေရဲ့ သတင်းအချက်အလက်လုံခြုံမှုတွေကို တိုက်ရိုက်ထိခိုက်တယ်၊ ပုဒ်မ (၄) ရဲ့ ပြင်ဆင်ချက်ဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်ချင်တဲ့ သူတွေရဲ့ အကူအညီရယူပိုင်ခွင့်နဲ့ ဆန္ဒဖော်ထုတ်မှုကို ငွေအား လူအား၊ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ အားပေးထောက်ခံပိုင်ခွင့်ကို ကန့်သတ်ထိခိုက်နေပြီး အဲဒီလို အားပေးထောက်ခံတဲ့ ဘယ်သူ့ကိုမဆို ထောင်ဒဏ် ၃ နှစ်နဲ့ အကန့်အသတ်မရှိ ငွေဒဏ် ကျခံစေရန် ဆိုတဲ့အတိုင်း ပြင်ဆင်ဖို့ အဆိုပြုထားတဲ့ ဥပဒေတွေဟာ မူရင်းဥပဒေပါ အမြင့်ဆုံး ပြစ်ဒဏ်ထက် အဆမတန်ပိုများနေတာကို တွေ့ရတယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်း (၁၈၂) ဖွဲ့ထဲမှာပါတဲ့ ရန်ကုန်စောင့်ကြည့်အဖွဲ့က ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဟာ ပြည်သူတွေရဲ့ မူလ အခွင့်အရေးဖြစ်တဲ့ လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ကို မြှင့်တင်ပေးပြီး အဲဒီလို လွတ်လွတ်လပ်လပ် ထုတ်ဖော်မယ့် ပြည်သူတွေကို ပြစ်ဒဏ်တွေ ချမှတ်ဖို့ မထည့်သင့်ဘူးလို့ လည်းဆိုပါတယ်။

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်ကတော့ "အခုပြင်ဆင်မယ့်အချက်တွေဟာ ပြည်သူတွေရဲ့ လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ကို ကျင့်သုံးရာမှာ ပိုခတ်ခဲအောင် ကန့်သတ်ထားတဲ့ အချက်တွေ ဖြစ်နေပြီး ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်မယ့် အာဏာပိုင်တွေက နိုင်ငံရေးအရ မလိုလားတဲ့ သူတွေကို လိုအပ်ရင် လိုအပ်သလို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ ဖြစ်နေတာကြောင့် ဥပဒေကြမ်းကို ပယ်ဖျက်ပေးဖို့ တောင်းဆိုရတာ" လို့ ပြောပါတယ်။

လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ကို အလွဲသုံးစားပြုပြီး လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ ပေါ်ပေါက်အောင် ပြုလုပ်မယ့်သူတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် အားထုတ်မယ့်သူတွေကို စိုးရိမ်နေရင်လည်း သီးခြား ဥပဒေတခု ရေးဆွဲပြဋ္ဌာန်းပြီး ကာကွယ်သင့်တယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013