DVB Logo
Home
မြန်မာသတင်း
ကညင်ဆည် စံပြစိုက်ကွက်မှ လယ်သမားများနှင့် ဆည်တာဝန်ရှိသူများကို စတင်စစ်ဆေး
DVB
·
March 5, 2018
ကညင်ဆည် စံပြစိုက်ကွက်မှ လယ်သမားများနှင့် ဆည်တာဝန်ရှိသူများကို စတင်စစ်ဆေး
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကညင်ဆည် စံပြစိုက်ကွက်က လယ်သမားတွေနဲ့ ဆည်တာဝန်ရှိသူတွေကို ကျေးရွာ လယ်ယာမြေ ပြန်လည်စိစစ်ရေးကော်မတီက စတင် စစ်ဆေးနေပါတယ်။

ကညင်ဆည် စံပြစိုက်ကွက်ကို မူလလယ်သမားတွေ ပြန်လည်လုပ်ပိုင်ခွင့်ပြုပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်ကို လွန်ခဲ့တဲ့နှစ်လက တရားဝင်စာတင်ပြီး တောင်းဆိုခဲ့ကြတာပါ။

အဲဒီလို စာတင်ပြီး တောင်းဆိုတာတွေကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အောက်ခြေကျေးရွာ လယ်ယာမြေ ပြန်လည်စိစစ်ရေးကော်မတီက စတင်စစ်ဆေးပြီး အဆင့်ဆင့် စိစစ်ပြီး တိုင်းအစိုးရကို ပြန်လည်တင်ပြဖို့ ညွှန်ကြားလာလို့ ခုလို စတင်စစ်ဆေးနေတာပါ။

ကျေးရွာလယ်ယာမြေ ပြန်လည်စိစစ်ဆေးရေးကော်မတီမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြေတိုင်းစာရေး၊ ထွေအုပ်စာရေး၊ ရပ်မိရပ်ဖ နှစ်ဦးတို့ ပါဝင်ဖွဲ့စည်းထားရတာပါ။

ကျေးရွာလယ်ယာမြေ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ ခေါင်းဆောင် ကျွဲဇင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက “မနေ့ကရယ်၊ ခုနေ့ရယ် စစ်တယ်။ လယ်သမားတွေကို အရင်စစ်တယ်။ ပြီးတော့ ဆည်တည်ဆောက်ရေး တာဝန်ခံဦးစီးအရာရှိ ဦးတင်စိုးကို စစ်တယ်။ အဓိကကတော့ ဆည်က သူတို့လယ်တွေ သိမ်းယူချိန်ကလည်း လယ်သမားတွေက အကြောင်းမကြားတာရယ်၊ စံပြကွက်ဖော်ပြီးမှ ငွေနှစ်သိန်းပေးတာရယ်၊ စံပြကွက်ဖြစ်တော့လည်း မအောင်မြင်လို့ ဆည်က တခြားလယ်သမားတွေကို အခကြေးငွေယူပြီး လုပ်ကိုင်စေတာတွေရယ် စတာတွေကြောင့် စာတင်တာလေ။ အဲဒီတော့ တိုင်းအစိုးရက သူတို့အားလုံးကို စစ်ဆေးပြီး အဆင့်ဆင့်ကို တင်ပြရမယ်ဆိုတော့ ခု စစစ်တာပဲ။ ဒီက စစ်ပြီးရင် မြို့နယ်၊ မြို့နယ်က စစ်ပြီးရင် ခရိုင်၊ ခရိုင်ကနေ တိုင်းပေါ့။ အဲဒီလို စိစစ်ဖို့ ညွှန်ကြားလို့ အခု စစ်တယ်။ ပြီးရင် တင်မယ်။ ဒါပါပဲ။ ပြန်ပေးတာ မပေးတာကတော့ တိုင်းအစိုးရက ဆုံးဖြတ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ကညင်ဆည် စံပြစိုက်ကွက်ကို ၂၀၁၀-၂၀၁၁ ခုနှစ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီလို စတင်ဆောင်ရွက်ချိန်ကတည်းက တင်ပြီး မူလလယ်သမားတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ တောင်းဆိုခဲ့ပေမယ့် အခုခေတ်မှ ခုလို ပြန်လည်စိစစ်ဖို့ ညွှန်ကြားလာတာပါ။ စံပြစိုက်ကွက် ဖော်ဆောင်ဖို့ လယ်သမား ၈ ဦးဆီက လယ်မြေဧက ၂၈ ဧကကျော်ကို သိမ်းယူထားခဲ့ကြတာ ဖြစ်ပါတယ်။

စံပြစပါးစိုက်ကွက်က မူလလယ်သမား ဦးမျိုးသန့်က “ဆည်က သူတို့စက်တွေနဲ့ အတင်းဝင်ထွန်ယက်ပြီးတော့ လုပ်တာ။ ပြီးတော့မှ အုပ်ချုပ်ရေးမှူးရုံးခေါ်ပြီး ခင်ဗျားတို့ရဲ့ ဒီလယ်တွေကို သိမ်းမယ်။ တဧက ၂ သိန်းပေးမယ်။ လိုချင်လည်း ယူ၊ မလိုချင်လည်း ယူ။ ဒါက နိုင်ငံတော်က ပိုင်တာ။ ခင်ဗျားတို့ ငွေမယူလည်း သိမ်းရမှာပဲဆိုပြီး ပြောတော့ ကျနော်တို့လည်း ယူလိုက်ကတယ်။ ဒါပေမယ့် ဒီငွေတွေ မယူဘူး၊ ကျနော်တို့လယ်တွေပဲ ပြန်ပေးဖို့ တောင်းဆိုသေးတယ်။ အဲဒီတုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးလွှမ်းမိုးဟန်သူ။ ခင်ဗျားတို့ မယူလည်း လယ်ကတော့ ပြန်မပေးနိုင်ဘူး၊ ကြိုက်သလိုသာ လုပ်လို့ ပြောတယ်။။ ကျနော်တို့လည်း စာတင်တာပဲ။ ခုမှ ပြန်စစ်ကြတာပါပဲ။ ပြီးတော့ သေချာကျကျနန ဆည်က လုပ်တာမဟုတ်ဘူး။ တခြားလယ်သမားတွေကို လုပ်ခိုင်းနေတာလေ။ အဲဒါကြောင့် ကျနော်တို့က တိုင်းအဆင့်ဆင့်ကို စာတင်တာ။ ခုတော့ စစ်နေပြီ။”လို့ ပြောပါတယ်။

ကညင်ဆည် တည်ဆောက်ရေးတာဝန်ခံ ဦးစီးအရာရှိ ဦးတင်စိုးကတော့ “ကျနော်တို့က စာရွက်စာတမ်း မှတ်တမ်းမှတ်ရာတွေနဲ့ အလုပ်လုပ်ထားတာ။ အခိုင်အမာတွေ ရှိတယ်။ ဒီတော့ ဒီအတိုင်း ကျနော်ကတော့ ပြောမှာပဲ။ ကျန်တာကတော့ အစိုးရရဲ့အပိုင်းပါ။ အထောက်အထား အခိုင်အမာတော့ ရှိဖို့လိုတာပေါ့” လို့ ပြောပါတယ်။

ကညင်ဆည်ဟာ အင်္ဂပူမြို့နယ် ပုသိမ်-မုံရွာ ကားလမ်းမနဲ့ ၄ မိုင်ခွဲဝေးပြီး ရခိုင်ရိုးမက စီးဆင်းလာတဲ့ ကညင်ချောင်းကို ဖြတ်ပိတ် တည်ဆောက်ထားတာပါ။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013