
မုံရွာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်အနီးမှာ မတ်လ ၃ ရက်နေ့ မနက်အစောပိုင်းက လမ်းလျှောက်နေသူ အမျိုးသား နှစ်ယောက်ကို ကားတစီးက ဝင်တိုက်ခဲ့လို့ ၁ ယောက်သေဆုံးပြီး နောက် ၁ ယောက်ကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။
မနက်ခင်းလမ်းလျှောက်ထွက်နေတဲ့ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ် ဦးစိုးမင်ညိုမှာ တယောက်တည်း လမ်းလျှောက်နေတုန်း နောက်ကမောင်းနှင်လာတဲ့ အဖြူရောင်ကားတစီးက ဝင်တိုက်မိခဲ့တဲ့အတွက် ဦးစိုးမင်းညိုမှာ ဦးခေါင်းနောက်စေ့ပိန်ချိုင့်ဒဏ်ရာ၊ ယာခြေကျင်းဝတ် ဖူးယောင်ဒဏ်ရာတွေရရှိပြီး စိုးရိမ်ရတာကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။
ဒါ့အပြင် လမ်းတစ်ဖက်ယာဉ်ကြောကနေ လမ်းလျှောက်နေတဲ့ အမျိုးသားတဦးကိုလည်း ထပ်မံတိုက်မိပြီး နဖူးပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးယောင်ဒဏ်ရာ၊ ခြေထောက်ဒဏ်ရာတွေ အသီးသီးရခဲ့ပြီး ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကာ တိုက်တဲ့ ကားကတော့ မောင်းထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသားက မည်သူမည်ဝါဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပြေးသွားတဲ့ ကားကိုလည်း ဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ မုံရွာမြို့မရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။
ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းကိုတော့ မုံရွာမြို့မရဲစခန်းမှာ ယာဉ် (ပ)၂၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၀၂တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။











