
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီနယ်ခွဲမှ ကျေးရွာ ၅ ရွာက အမျိုးသား အမျိုးသမီး ကျားမ ၃၂ ဦးအား တရုတ်ပြည်မှာ အလုပ်ရမယ်လို့ဆိုပြီး ခေါ်ဆောင်လာသူကို တောင်ကုတ်မြို့အထွက်မှာ တားဆီးနိုင်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ မတ်လ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်က တောင်ကုတ်မြို့အထွက် စေတီကွင်း ကျေးရွာမှာသတင်းအရ တောင်ကုတ်ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိ သူတွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တယ်လို့ တောင်ကုတ်မြို့မရဲစခန်းက ဒုရဲမှူးချစ်ဝေက ဒီဗွီဘီကိုပြောတယ်။
"ကျနော်တို့က သတင်းရလို့ စောင့်ဖမ်းတာပါ။ တရုတ်မှာအလုပ်ရမယ်ဆိုပြီး ခေါ်လာတာအားလုံး ၃၂ ယောက်ပါ။ မိန်းကလေးက ၁၃ ယောက်ရယ်၊ ယောက်ျားလေးက ၁၉ ယောက်၊ အခုသူတို့တွေကိုတော့ မိဘတွေဆီကိုပြန်ပို့လိုက် ပါပြီ"လို့ပြောပါတယ်။
တရုတ်ပြည်မှာ အလုပ်ရမယ်လို့ ခေါ်ဆောင်ခြင်းခံရတဲ့သူတွေကတော့ တောင်ကုတ် မြို့နယ်၊ မအီမြို့နယ်ခွဲ လမူးမော်ကျေးရွာ၊ ပဒါကျေးရွာ ကြက်ကိုင်းငှက်ပျောတောကျေးရွာ ကျော်ကိုင်းရွာနဲ့ ကျောက်ဝေကျေးရွာတွေက ဖြစ်ကြတယ်လို့ ဒုရဲမှူးချစ်ဝေက ဒီဗွီဘီကို ပြောပါတယ်။
"ခေါ်လာတဲ့ လူနှစ်ယောက်မှာ တယောက် ကတော့ ဖမ်းထားပြီး၊ ဒီကပို့မယ့်သူတွေယူဖို့အတွက် နောက်တယောက်ကတော့ ရန်ကုန်က စောင့်နေတယ်လို့ပြောတယ်။ ချက်ချင်းကြီးတော့ ပိုက်ဆံမပေးရဘူးလို့ ပြောတယ်။ တရုတ်ရောက်မှ ပထမဦးဆုံးရတဲ့လစာကိုပဲ ပေးရမယ်”လို့ ပြောတယ်။
တရုတ်ပြည်မှာ အလုပ်ရမယ်လို့ ခေါ်ဆောင်လာသူ နေမျိုးအောင်ဟာ မာန်သစ္စာကားက ယာဉ်မောင်း သူရအောင် ၃၅ နှစ်နဲ့ ဆန်းဒေး ၃၉ နှစ်တို့ကို ယာဉ်လိုင်း ယာဉ်စီးခ ၄ သိန်းကျပ်နဲ့ ငှားရမ်းခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နေမျိုးအောင်နဲ့ အခြားတယောက်တို့ကို တောင်ကုတ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့အမှုဖွင့် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရဲမှူးကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါးမှု အပါအဝင် စက်ရုံအလုပ်ရုံ နည်းပါးတာကြောင့် လူအရင်းအမြစ်နေစဉ်ဆုံးရှုံးနေရပြီး ရခိုင်ပြည်နယ်က အခြားနေရာတွေမှာ အခြေချနေထိုင်လုပ်ကိုင် သူတွေ လူဦးရေ ၂ သန်းကျော်ရှိနိုင်တယ်လို့ ရခိုင်စီးပွားရေးဦးဆောင်ပညာရှင်တဦးဖြစ်သူ ဦးခင်မောင်ကြီးက ဒီဗွီဘီကိုပြောပါတယ်။
ဝဏ္ဏခွာညို











