
ဥပါယ်တံမျဉ်ဇာတ်ကားနဲ့ အောင်မြင်ခဲ့တဲ့ ဒါရိုက်တာခရစ္စတီးနားခီဟာ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာမှာ သီလရှင်ဝတ်တဲ့ ဓာတ်ပုံတွေကို အမျိုးသားဖြစ်သူ ရုပ်ရှင်မင်းသား ဇဏ်ခီရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
ခရစ္စတီးနားခီရဲ့ သီလရှင်ဘွဲ့နာမည်ကတော့ ဝရဉာဏီဖြစ်တယ်လို့လည်းဆိုပါတယ်။ သီလရှင် ဘယ်နှရက်ဝတ်မယ်ဆိုတာတော့ မဖော်ပြထားပါဘူး။
ဒါရိုက်တာခရစ္စတီးနားခီနဲ့ မင်းသားဇဏ်ခီတို့ဟာ ဥပါယ်တံမျဉ်ဇာတ်ကားနဲ့ ပရိသတ်ထောက်ခံမှုရှိထားပြီး JCGV ရုပ်ရှင်ရုံတွေနဲ့ ထားဝယ်အောင်မင်္ဂလာရုပ်ရှင်ရုံတို့မှာ ၇ ပတ်မြောက်အဖြစ် မတ်လ ၂ မှ ၈ ရက်နေ့အထိ ဆက်လက်ပြသသွားမယ်လို့ သိရပါတယ်။
ရရှိလာမယ့် ဝင်ငွေထဲမှ ၅၀ ရာခိုင်နှုန်းကို ဥပါယ်တံမျဉ် ရုပ်ရှင် အားကောင်းမွန် အောင်မြင်အောင် ဝိုင်းဝန်းကြိုးစားပေးခဲ့ကြသော Crew Member များအားလုံးကို အသိအမှတ်ပြု ဂုဏ်ယူသောအားဖြင့် Crew Member အဖြစ်ပါဝင် သူများအားလုံးကို အညီအမျှခွဲဝေ ဂုဏ်ပြုပေးသွားမယ်လို့ ဥပါယ်တံမျဉ်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ဒါရိုက်တာခရစ္စတီးနားခီ ရိုက်ထားတဲ့ နောက်ထပ်ရုပ်ရှင်ကားဖြစ်တဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့က JCVG ရုပ်ရှင်ရုံတွေမှာ စတင်ပြသတော့မယ်လို့ ကြေညာထားပါတယ်။
ဓာတ်ပုံ - ဇဏ်ခီ ဖေ့ဘွတ်ခ်










