
ကချင်ပြည်နယ်၊ ပူတာအိုမှာ လမ်းပန်းဆက်သွယ်ရေးပြတ်နေလို့ ဓာတ်ဆီဈေးတွေ ၁၀ ဆလောက် တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁ လလောက်က တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး တံတား ၂ စင်းပျက်စီးခဲ့သလို လမ်းတွေလည်း ပျက်ခဲ့တာပါ။
ကချင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဒိန်ခမ်ဖုန်က “ဖေဖော်ဝါရီ ၂ ရက်နေ့လောက်ကစပြီး လမ်းတွေ ပျက်သွားတာ။ မြစ်ကြီးနား-ပူတာအို-ဆွမ်ပရာဘွမ်လမ်းမှာ တံတား ၂ စင်းပျက်တယ်။ လမ်းက တချို့နေရာတွေကို တူးထုတ်ပစ်တယ်။ ဓာတ်ဆီက ပြတ်သွားလို့ ဈေးတွေ တအားတက်နေတာ။ တပ်မတော်ကတော့ စားသောက်ကုန်တွေ ပို့ပေးနေတယ်။ ဘယ်လိုဝေပေးနေလဲ ဆိုတာတော့ ကျနော် မသိရသေးဘူး” လို့ ပြောပါတယ်။
ဈေးတက်နေပေမယ့် လိုသလောက်ဝယ်မရသလို ဆီရောင်းတဲ့ ဆိုင်တွေလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒီနေ့မနက်က ဆိုင်ကယ် ကယ်ရီသမားတွေစုပြီး မြစ်ကြီးနားကို ဓာတ်ဆီဝယ်ဖို့ သွားခဲ့ကြပေမယ့် တပ်မတော်က တားဆီးခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။
ဒေသခံ ဦးအောင်ခမ်းက “အရင်ကဆို ဓာတ်ဆီတဂါလန်မှ ၄ ထောင်လောက်ပဲ ရှိတယ်။ အခုက တပုလင်းကို ၈ ထောင်လောက်ရှိတယ်။ ဒီဇယ်ကတော့ တဂါလန်ကို ၁ သောင်းလောက်ရှိတယ်။ ရောင်းတဲ့ဆိုင်ကတော့ မရှိသလောက်ပဲ” လို့ ပြောပါတယ်။
ပူတာအို ခရိုင်ထဲက မြို့တွေကို စားသောက်ကုန်တွေ လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၈ နဲ့ မတ် ၁ ရက်နေ့တွေက မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကနေ ပူတာအိုမြို့ကို တပ်မတော်Y-8 လေယာဉ်နဲ့ ၅ ခေါက် ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဆန်၊ ဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေကို ပူတာအိုခရိုင်ထဲက ဝေးလံခေါင်ပါးတဲ့ နောင်မွန်း၊ ခေါင်လန်ဖူးနဲ့ ဝန်နန်းဒင်မြို့တွေက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံတွေကို ပေးပို့သွားမယ်လို့လည်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။











