DVB Logo
Home
မြန်မာသတင်း
ဖြူးချောင်း အမှိုက်ပုံမီးလောင်မှုကြောင့် ဒေသခံများ အခက်ကြုံနေ
DVB
·
March 3, 2018
ဖြူးချောင်း အမှိုက်ပုံမီးလောင်မှုကြောင့် ဒေသခံများ အခက်ကြုံနေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့အဝင်ရှိ ဖြူးချောင်းတံတားအနီး အမှိုက်ပုံ မီးလောင်ပြီး မီးခိုးတွေ ထွက်ရှိနေလို့ ဘေးပတ်ဝန်ကျင်ရှိ ရပ်ကွက်နေပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ကျောင်းသူကျောင်းသားတွေ ဆယ်တန်းစာမေးပွဲဖြေချိန် နီးကပ်နေတာကြောင့် စာကျက်ရာမှာပါ အခက်အခဲတွေ ဖြစ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အဆိုပါ အမှိုက်ပုံမီးလောင်နေတာဟာ သုံးရက်လောက်ရှိနေပြီဖြစ်ပြီး အမှိုက်ပုံမှာပါရှိတဲ့ ကော်နဲ့ပလတ်စတစ်တွေကြောင့် အညှော်နံ့တွေ မီးခိုးတွေကလည်း ၂၄ နာရီထွက်ရှိနေလို့ ရပ်ကွက်ရှိပြည်သူတွေ အခက်ကြုံနေရလို့ ဆိုပါတယ်။

“ဒီအမှိုက်ပုံ စလောင်တာတော့ သုံးရက်လောက်ရှိပြီ။ မီးသတ်ကတော့ လာပြီး ငြှိမ်းပေးတယ်။ ဒါပေမယ့် မီးခိုးကနေ့တိုင်း ထွက်နေတာ။ အညှော်နံ့ကလည်း မခံနိုင်ဘူး။ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ကျန်းမာရေးထိခိုက်တာပေါ့။ တချို့ဆို မနေနိုင်လို့ ဘေးရပ်ကွက်ကို သွားနေရတယ်။ ဆယ်တန်းကလည်း နီးနေပြီ၊ ကလေးတွေ စာကျက်မရဘူး။ ဒီအမှိုက်ပုံက မြို့အဝင်ဖြစ်မှာဖြစ်တော့ မြို့အတွက်လည်း မကောင်းဘူး။ ဘေးနေရာကို ပြောင်းသင့်တယ်။ ဌာနဆိုင်ရာတွေကလည်း စနစ်တကျတော့ လုပ်သင့်တာပေါ့” လို့ အုတ်ဖြတ်ရပ်ကွက်အတွင်း နေထိုင်သူ ကိုမျိုးက ပြောပါတယ်။

ဖြူးမြို့နယ်မီးသတ်ဌာနက ဦးစီးမှူး ဦးသက်ဝင်းက “မီးလောင်တယ်ဆိုရင် ငြှိမ်းပေးရမှာ မီးသတ်တာဝန်ပါ။ အခုလက်ရှိမီးခိုးတွေ ထွက်လာနေတယ်ဆိုရင်လည်း သွားငြှိမ်းမှာပါ။ မြို့ရဲ့အလှအပနေရာဖြစ်တယ်။ ပြည်သူကိုလည်း ဒုက္ခမရောက်စေချင်ဘူး။ မီးသတ်ယာဉ်တွေနဲ့ တောက်လျှောက်ငြှိမ်းပေးနေရပါတယ်။ ဒီအမှိုက်ပုံကို သင့်တော်တဲ့နေရာကို ပြောင်းသင့်ပါတယ်။ အခုဖြစ်နေတာက မီးခိုးတွေထွက်လာတယ်ဆို သွားငြှိမ်းတယ်။ ပြီးတော့အမှိုက်တွေ ထပ်ပုံတော့ မီးထပ်လောင်တယ်။ ပွင့်လင်းရာသီဖြစ်တော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

အဲဒီအမှိုက်ပုံကို စည်ပင်နဲ့ မြို့ပေါ်နေလူအချို့က စတင်စွန့်ပစ်ခဲ့တာ သုံးနှစ်လောက် ရှိနေပြီဖြစ်ပြီး နှစ်စဉ်မီးလောင်ကျွမ်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အမှိုက်ပုံနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတွေကို အစည်းအဝေးခေါ်ယူပြီး အမှိုက်ပုံပြောင်းရွှေ့ရေးကို ညှိနှိုင်မှုတွေပြုလုပ်ထားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။

သတင်း ကျော်အောင်(ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013